ရန်ကုန်၊ ဩဂုတ် ၂၀
မန္တလေးတိုင်း၊ ကျောက်ကန်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းအားလုံးကို ကားဖြင့် တင်၍ ယူဆောင်သွားပြီး ယူဆောင်ခြင်းမရှိသော ပစ္စည်းများကို ရိုက်ခွဲ ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ကျောက်ကန်ရွာကို ကျေးရွာသား ပျူစောထီး ၂ ဦးဖြစ်သည့် လှမိုးနှင့် တင့်ဆွေ ဆိုသူကခေါ်လာသည့် လယ်သစ်ရွာနှင့် ညောင်တိုရွာမှ ပျူစောထီးများနှင့် အကြမ်းဖက် စစ်သား အင်အား ၈၀ ခန့်က ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာအတွင်းရှိ ၎င်းတို့ မီးရှို့ဖျက်ဆီးစဉ် မီးမလောင်ဘဲ ကျန်ခဲ့သော နေအိမ် ၁၀၀ ခန့်မှ ဆန်အိတ်များ၊ ဆီပုံးများ၊ ထိုင်ခုံများ၊ သံတိုသံစများပါ ကားပေါ်တင်၍ ယူဆောင်သွားပြီး ၎င်းတို့ ယူဆောင်ခြင်းမရှိသော ပစ္စည်းများကု ရိုက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ကျောက်ကန်ရွာသည် ဇူလိုင်လ ၁၅ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အိမ်ခြေ ၂၀၀ ခန့်မီးလောင်ပျက်စီးခဲ့ကြောင်း၊ ယင်း ကျေးရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိသော ကျေးရွာဖြစ်ကြောင်း သိရသည်။
“ရွာမှာ အိမ်ခြေက ကွက်သစ် နောက်တိုးနဲ့ရောဆို ၃၀၀ လောက်ရှိပါတယ်။ အိမ်ခြေ ၂၀၀ လောက်က စစ်ခွေးတွေ မီးရှို့လို့ ပြာကျသွားပြီး ရွာမှာ မီးမလောင်ဘဲ ကျန်နေတဲ့ ပြည်သူတွေ မနေရဲတဲ့ နေအိမ်တွေကို စစ်ခွေး ၈၀ လောက်က ဝင်ရောက် စီးနင်းပြီး ဆန်အိတ်၊ ဆီပုံးနဲ့ သံတိုသံစတွေလည်း ရောင်းစားဖို့ အကုန်ယူသွားပါတယ်။ ယူလိုမရတာတွေကို ဖျက်ဆီးသွားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar