ရန်ကုန်၊ ဩဂုတ် ၂၂
မလေးရှား၊ စင်ကာပူနှင့်ထိုင်းနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများသို့ အလည်အပတ်နိုင်ငံကူးလက်မှတ် PV ဖြင့် သွားရောက် အလုပ်လုပ်ကိုင်မည်ဟု မသင်္ကာသူမှန်သမျှကို လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ လေဆိပ်မှ လှည့်ပြန်ခိုင်းနေမှုများ များပြားလာကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများမှ တာဝန်ရှိသူတချို့ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“စင်ကာပူကို PV Passport နဲ့သွားဖို့ မိန်းကလေးတွေ ပြန်အလွှတ်ခံရတာ အတော်ကိုများတယ်။ မလေးရှားကို သွားမယ့် လူငယ်တွေလည်း လေဆိပ်ကနေ လှည့်ပြန်ရတာတွေများတယ်။ တစ်နေ့ကို အနည်းဆုံး ဆယ်ဂဏန်းအထက်ပဲ လေဆိပ်ကနေ လှည့်ပြန်ရတာ။ ထိုင်းကတော့ သွားခွင့်ပေးပေမယ့် လူရွေးတယ်။ အညာဘက်ကနေ PV နဲ့ ထိုင်းဘက် သွားမယ့် လူငယ်တွေလည်း ပြန်အလွှတ်ခံရတာရှိတယ်။ ကျနော်တို့ကို အကူအညီတောင်းတာတွေများပေမယ့် ဘာမှ လုပ်ပေးလို့မရဘူး။ လေဆိပ်က ဌာနပေါင်းစုံ ပူးပေါင်း အဖွဲ့တွေကို ဆုံးဖြတ်ပိုင်ခွင့် အပြည့်ပေးထားပုံပဲ” ဟု ရန်ကုန်မှ မလေးရှားနှင့်စင်ကာပူသို့ အလုပ်အကိုင်များ ချိတ်ဆက်ရှာဖွေပေးနေသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် အသက် ၂၃ နှစ်မှ ၃၂ နှစ်အတွင်း အမျိုးသား လူငယ်များကိုလည်း PV ဖြင့် ပြည်ပနိုင်ငံသို့ ထွက်ခွာမည်ဆိုပါက “ဘာသွားလုပ်မှာလဲ၊ ပြန်လာမှာလား။ ဘယ်လောက်နေမှာလဲ” ဆိုသည့် မေးခွန်းများ မေးမြန်းခြင်း၊ လေယာဉ်လက်မှတ် အပြန်၊ Show Money ၊ ဟိုတယ်ဘိုကင်များကို မဖြစ်မနေ ပြခိုင်းကြောင်း၊ တချို့သော လူငယ်များမှာ စစ်ကောင်စီပူးပေါင်းအဖွဲ့က တောင်းဆိုသည့် သက်သေများကို ပြသသည့်တိုင် မသင်္ကာဟုဆိုကာ လေယာဉ်ပေါ်တက်ခွင့်မပေးဘဲ လှည့်ပြန်ခိုင်းကြောင်း သိရှိရသည်။
“အသက် ၂၃ နှစ်နဲ့ ၃၂ နှစ်အတွင်း အမျိုးသားလူငယ်တွေဆိုရင် အရမ်းစစ်ပါတယ်။ သူတို့ ပြောတဲ့ လေယာဉ်လက်မှတ် အပြန်၊ Show Money ၊ ဟိုတယ်ဘိုကင်တွေ ပြတာတောင် လေယာဉ်ပေါ် ပေးမတက်ဘူး။ အကြောင်းပြချက်က ပြန်လာနိုင်တဲ့ အခြေအနေ မို့ မသင်္ကာလို့ ဆိုပြီး ပြန်လွှတ်တာ။ နေ့စဉ်ကို အဲဒီလို ပြန်လွှတ်နေတာ လူငယ် အမျိုးသားတွေ ပြန်လွှတ်ခံရတာများတယ်။ အမျိုးသမီးတွေကတော့ စင်ကာပူကို အိမ်ဖော်အဖြစ် သွားလုပ်မယ်လို့ မသင်္ကာလို့ ပြန်လွှတ်တာ” ဟု ရန်ကုန်မှ လေယာဉ်လက်မှတ်ရောင်းချပြီး လေဆိပ်ကြို/ပို့ ဝန်ဆောင်မှုပေးနေသည့် Travel Agent တစ်ခုက ရှင်းပြသည်။
တချို့လူငယ်များသည် PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာရန် မိဘ (သို့မဟုတ် ) အာမခံသူတစ်ဦး၏ လက်မှတ်ထိုးတင်ပြမှုများဖြင့် ပြည်ပထွက်ခွာခွင့်ရရှိမှုများ ရှိနေကြောင်းလည်း စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံမှ နိုင်ငံကူးလက်မှတ် PV ကိုင်ဆောင်၍ အလုပ်အကိုင်ဗီဇာဖြင့် ပြည်ပထွက်ခွာမှုများကိုအားလုံးကို လေဆိပ်နှင့်နယ်စပ်ဂိတ်များတွင် စိစစ်တားမြစ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ဩဂုတ်လ ၁၄ ရက်နေ့တွင် တရားဝင် ကြေညာခဲ့သည်။
ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူတိုင်း အလုပ်သမားဝန်ကြီးဌာနတွင် ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်၍ ပြည်ပအလုပ် အကိုင်သက်သေခံ OWIC ရရှိမှသာ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရန်ဖြစ်ကြောင်း၊ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဥပဒေအရလည်း အလုပ်သမားများနေဖြင့် မှတ်ပုံတင်ခြင်းမရှိဘဲ ပြည်ပအလုပ်အကိုင်သွားရောက် လုပ်ကိုင်ပါက ပြည်ပထွက်ခွာရန် မသင့်တော်သဖြင့် ပိတ်ပင်ခြင်းများ လုပ်ဆောင်ရန် ပြဋ္ဌာန်းထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြောဆိုခဲ့သည်။
ထို့ကြောင့် ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်မည့်သူများသည် နိုင်ငံကူးလက်မှတ် အမျိုးအစားကို အလုပ်အကိုင်အတွက် ထုတ်ပေးသည့် Passport for Job -PJ ဖြင့်သာ သွားရောက်ရမည်ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနတွင် မဖြစ်မနေ မှတ်ပုံတင်ပြီးမှသာ ပြည်ပသွားရောက်အလုပ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီက အသက် ၂၃ နှစ်မှ အသက် ၃၂ နှစ်အတွင်း အမျိုးသားလူငယ်များကို PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပအလုပ် အကိုင်သွားရောက် လုပ်ကိုင်ခွင့်များကို ပိတ်ပင်ထားသည်။
ဓာတ်ပုံ – ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် မြန်မာအမျိုးသမီးများကို ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar