ရန်ကုန်၊ ဩဂုတ် ၂၂
နိုင်ငံတကာ၏ အရေးယူရန် ပျက်ကွက်မှုကြောင့် မြန်မာနိုင်ငံမှ တရားမဝင် စစ်တပ်က သက်တမ်းရှည်ပြီး ရာဇဝတ်မှုများ ကျူးလွန်ခွင့် လိုင် စင် ရရှိနေဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြပြောဆိုလိုက်သည်။
ဩဂုတ်လ ၂၁ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ကျင်းပပြုလုပ်သည့် “High-level Open Debate on Peacebuilding and Sustaining Peace: The New Agenda for Peace – Addressing Global, Regional and National Aspects of Conflict Prevention” တံခါးဖွင့်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာစစ်ကောင်စီအပေါ် ထိရောက်သော အရေးယူဆောင်ရွက်ချက်များနှင့် အကူအညီများပေးအပ်ရန် ပြင်းပြင်းထန်ထန် တောင်းဆိုနေမှုကို မျက်ကွယ်ပြုခံခြင်းသည့်အပေါ် မြန်မာပြည်သူများက စိတ်ပျက်မိပါကြောင်း၊ ထို့ပြင် နိုင်ငံတကာအသိုက်အဝန်းမှ ခိုင်မာသည့် လုပ်ဆောင်ချက်များ ပျက်ကွက်နေခြင်းကြောင့် တရားမဝင် စစ်အာဏာသိမ်းမှု သက်တမ်းရှည်နေရခြင်းနှင့် စစ်တပ်အနေဖြင့် နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်ခွင့် လိုင်စင် လက်ဝယ်ရရှိနေခြင်းကို ပိုမိုရှည်ကြာစေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ဆိုသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် လူထုထောက်ခံမှုအလျဉ်းမရှိသော စစ်အာဏာရှင်စနစ်ကို အပြီးသတ်ချုပ်ငြိမ်းစေရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရန် တော်လှန်ရေးတစ်ရပ်ကို ဖြတ်ကျော်လျက်ရှိကြောင်း၊ မတရား စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ ကျူးလွန်လျက်ရှိသော ရက်စက်ကြမ်းကြုတ်မှု များကြောင့် ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုဖက်သော ပဋိပက္ခများ၏ ပြင်းထန်မှုနှင့် ယင်း၏ နောက်ဆက်တွဲအကျိုးဆက်ဆိုးများကို မိမိတို့ ကျော်ဖြတ်ခဲ့ရသည့် ထူးကဲသော အတွေ့အကြုံများမှ တစ်ဆင့် ကောင်းစွာ သိရှိနားလည်သင်ယူခွင့်ရခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့သည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အဖိုးအခကို အတိုင်း ထက်အလွန် သိနားလည်ပါကြောင်း သံအမတ်ကြီးက ပြောသည်။
ယခင် အရွေးချယ်ခံ အရပ်သားအစိုးရလက်ထက်တွင် ခက်ခက်ခဲခဲတည်ဆောက် ခဲ့ရသည့် ဖြစ်ပေါ်တိုးတက်မှုများသည် သိသိသာသာ ဆုတ်ယုတ်ခဲ့ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က တရားဥပဒေစိုးမိုးမှု၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေတို့အား ဆက်လက်ချိုးဖောက်၍ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသဖြင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို မရရှိနိုင်ဘဲဖြစ်နေကြောင်း ၊ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် နေရပ်စွန့်ခွာသူနှင့် ဒုက္ခသည်များ အရေအတွက်မှာ ၃ ဒသမ ၂ သန်းအထိ မြင့်တက်လာခဲ့ပြီး ၁၈ ဒသမ ၆ သန်းခန့်မှာ လူသားချင်း စာနာထောက်ထားမှုအကူအညီများကို အထူးလိုအပ်လျက်ရှိကြောင်း၊ ကလေးငယ်များနှင့် လူငယ်အများအပြားမှာလည်း ပညာသင်ကြားခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ဆုံးရှုံးနေရပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များနှင့် ရိုဟင်ဂျာများ အပါအဝင် ထိခိုက်လွယ်သော အုပ်စုများမှာ စစ်တပ်မှ ကျူးလွန်သည့် အမျိုးမျိုးသော အကြမ်းဖက်မှုများကို ရင်ဆိုင်နေရကြောင်း၊ စစ်တပ်သည် လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်း များကို နိုင်ငံရေးအရနှင့် လက်နက်သဖွယ် အသုံးချလျက်ရှိသဖြင့် ယင်းလုပ်ငန်း များ လုပ်ဆောင်ရာတွင်လည်း စိန်ခေါ်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး လိုအပ်သည့် ဝန်ဆောင်မှုများကို ထိရောက်စွာ ဖော်ဆောင်ပေးရန် ခက်ခဲလျက်ရှိကြောင်း သံအမတ်ကြီးက မြန်မာ့အခြေအနေကို ရှင်းလင်းပြောဆိုသည်။
မြန်မာပြည်သူများအနေဖြင့် တရားမဝင်လူကုန်ကူးမှုများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ အွန်လိုင်းလိမ်လည်မှု များ စသည့်ဖြစ်စဉ်များလည်း စိုးရိမ်ဖွယ်ကောင်းအောင် မြင့်တက်လျက်ရှိပြီး အိမ်နီးချင်း နိုင်ငံများနှင့် အခြားနိုင်ငံများကိုပါ အကျိုးသက်ရောက်မှုရှိနေကြောင်း၊ငွေကြေး ဖောင်းပွမှု အလွန်မြင့်တက်လာခြင်း၊ စားသောက်ကုန်ပစ္စည်းများ၏ ကုန်စျေးနှုန်း ခေါင်ခိုက်လာခြင်း၊ ဝင်ငွေနည်းခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း မရှိခြင်း၊ အလုပ် လက်မဲ့ဖြစ်ခြင်းနှင့် မတရားစစ်သားစုဆောင်းမှုနှင့် ရွှေ့ပြောင်း နေထိုင်မှုများကြောင့် ပညာရှင်များ ယိုစိမ့်မှု ပြဿနာ စသည်ဖြင့် ပြည်တွင်း စီးပွားရေးနှင့် လူမှုရေးအခြေအနေသည်လည်း အလွန်အမင်း ပျက်စီးခြင်းများကို ရင်ဆိုင်နေရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ရှင်းပြသည်။
မြန်မာ ပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ လူငယ်လူရွယ်များမှာ တရားခံစစ်တပ်မှ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် နိုင်ငံတကာရာဇဝတ်မှုများ၏ ဒဏ်ကို ခါးစည်းခံနေရကြောင်း၊ မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်သူများသည် မိမိတို့နိုင်ငံအဆင့်၌ ပြဿနာ၏ အရင်းအမြစ်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရန် အားထုတ်နေခြင်းမှတစ်ဆင့် ပြည်တွင်း၌ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းလျက်ရှိကြောင်း သံအမတ်ကြီးက ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အမျိုးသမီးများ ဦးဆောင်သည့် အစုအဖွဲ့များ အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် မြေပြင်မှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များအားလုံးက မိမိတို့၏ အန္တိမပန်းတိုင်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ပေါ်ထွန်းလာသည်အထိ ကြံ့ကြံ့ခံဆောင်ရွက်ရန် သန္နိဋ္ဌာန်ချမှတ်ပြီး ဖြစ်ကြောင်း၊ ရှင်းလင်းသည်မှာ မြန်မာနိုင်ငံ၏ ပကတိ အခြေအနေကို မြန်မာပြည်သူများထက် မည်သူ တစ်ဦး တစ်ယောက်ကမျှ ပို၍ သိရှိနားလည်နိုင်မည် မဟုတ်ကြောင်း၊ မိမိတို့ထက် မည်သူ့ကမျှ မြန်မာနိုင်ငံအား ငြိမ်းချမ်းသော၊ တည်ငြိမ်သော၊ သာယာဝပြောသော နိုင်ငံ ဖြစ်စေ လိုသည့် ဆန္ဒသာလွန် ကိန်းဝပ်နေမည်မဟုတ်ကြောင်း၊ တဖက်တွင်လည်း မိမိတို့၏ ပြဿနာကို ရေရှည်တည်တံ့သည့်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ပံ့ပိုးကူညီလိုသည့် နိုင်ငံများကို ကြိုဆိုလင့်ကစား ၎င်းတို့အနေဖြင့် မြန်မာပြည်သူများ၏အသံကို အလေးအနက်ထား နားထောင်ရန်နှင့် မြန်မာပြည်သူများ၏ မျှော်မှန်းချက်ဆန္ဒကို ရိုးသားစွာ လေးစားကြရန် သံအမတ်ကြီးက တိုက်တွန်းသည်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်တပ်အား တသီးတခြား ဖယ်ကျဉ်နိုင်ရန်နှင့် ၎င်းတို့ထံ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ ငွေကြေးစီးဆင်းမှုအားလုံး ဖြတ်တောက် နိုင်ရန် အင်တိုက် အားတိုက် ပူးပေါင်းဆောင်ရွက် အားထုတ်မှသာလျှင် မြန်မာနိုင်ငံအနေ ဖြင့် ဒီမိုကရေစီလမ်း ကြောင်းပေါ်သို့ ပြန်လည်လျှောက်လှမ်းနိုင်မည်ဖြစ်ပြီး ငြိမ်းချမ်း တည်ငြိမ်သော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ ကုလသ မဂ္ဂ လုံခြုံရေးကောင်စီ၏ အခန်းကဏ္ဍသည် အလွန်အရေးပါလျက်ရှိကြောင်း၊ မိမိအနေဖြင့် လုံခြုံရေးကောင်စီကို ယခုပင် အရေးယူ ဆောင်ရွက်ရန် သံအမတ်ကြီးက တိုက်တွန်းတောင်းဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar