27 C
Yangon

ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်အတွက် တပ်သားသစ် အတင်း အဓမ္မ စုဆောင်းပေးနေသော ငွေတူးကျောရွာ ရာအိမ်မှူး မြင့်တင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်အတွက် တပ်သားသစ် အတင်း အဓမ္မ စုဆောင်းပေးနေသော ငွေတူးကျောရွာ ရာအိမ်မှူး မြင့်တင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၄

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် အတွက် တပ်သားသစ် အတင်း အဓမ္မ စုဆောင်းပေးနေသော ငွေတူးကျောရွာ ရာအိမ်မှူး မြင့်တင် ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း BTZM GBK PDF (ကြို့ပင်ကောက်မြို့) ပဲခူးရိုးမ အခြေပြုတပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့ ည ၈ နာရီ ခန့်တွင် ငွေတူးကျောရွာ ရာအိမ်မှူး မြင့်တင်ကို တော်လှန်ရေး တပ်ဖွဲ့များက ၎င်းနေအိမ်၌ ဝင်ရောက် ဖမ်းဆီးစဉ် အဖမ်းမခံဘဲ ထွက်ပြေးသွားသောကြောင့် ပစ်ခတ်ဖမ်းဆီးစဉ် သေနတ်ကျည် ၂ ချက် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသော ရာအိမ်မှူးမြင့်တင်သည် အကြမ်းဖက် စစ်တပ် အလိုကျ ကျေးရွာအုပ်စုအတွင်း လုပ်ဆောင်ပေးနေသူ ဖြစ်ပြီး အကြမ်းဖက် စစ်တပ် အတွက် တပ်သားသစ် စုဆောင်းပေးခြင်း၊ ဒေသပြည်သူများကို ခြိမ်းခြောက် ငွေတောင်းခံခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ ကိုလည်း “ဂရုမစိုက်ဘူး ကြိုက်တဲ့အချိန် လာခဲ့” ဆိုကာ အကြမ်းဖက် စစ်တပ် အလိုကျ စိတ်ပါလက်ပါ တက်တက်ကြွကြွ လုပ်ကိုင်နေသည့်အတွက် နေအိမ်၌ သွားရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း BTZM GBK PDF (ကြို့ပင်ကောက်မြို့) ပဲခူးရိုးမ အခြေပြုတပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

“ဒီ ရိုးချောင်းကျေးရွာ အုပ်စုက ရွာတွေမှာ စစ်တပ် အလိုကျ လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကတော့ ကျွန်တော်တို့ တပ်ဖွဲ့တွေက ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ရှင်းလင်းခဲ့တဲ့ အုပ်ချုပ်ရေးမှူးတွေဆိုရင် ရိုးချောင်းအုပ်စု အုပ်ကြီး အေးထွန်း ၊ အုပ်ကြီး သောင်းကြည် နောက်ထပ် တက်လာတာက ရိုးချောင်းနဲ့ မသက်ဆိုင်ဘူး တခြားနယ်ကနေပြီးတော့ လှမ်းပြီးတော့ အုပ်ချုပ်တဲ့ ကွင်းချောင်းရွာကနေပြီးတော့ အုပ်ကြီး အောင်မြင့်သန်း ဆိုပြီးတော့ အုပ်ချုပ်လာတယ်။ အုပ်ချုပ်လာပြီးတော့ မြင့်တင်ကို ရာအိမ်မှူးဆိုပြီးခန့်တယ်။ အဲလို အုပ်ချုပ်ပြီးတော့ စစ်တပ် အလိုကျ ကြို့ပင်ကောက် လမ်းပေါ်မှာ သွားတာလာ လှုပ်ရှားနေတဲ့ ပြည်သူတိုင်းကို ဖမ်းဆီးပြီး တပ်သားသစ် အဖြင့် စုဆောင်းတယ်။ သူတို့ဖမ်းဆီးတဲ့သူ ၃၂ ဦးရှိတယ်လို့ သိရတယ်” ဟု BTZM GBK PDF (ကြို့ပင်ကောက်မြို့) ပဲခူးရိုးမ အခြေပြုတပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို BTZM GBK PDF (ကြို့ပင်ကောက်မြို့) ပဲခူးရိုးမ အခြေပြုတပ်ခွဲနှင့် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ( ၁ ) Dragon Brothers တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article