29 C
Yangon

မုံရွာမြို့နယ်မှ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၃ နှစ်အရွယ် ကျောင်းသူ ၁ ဦးနှင့် အမျိုးသမီး ၁ ဦးဒဏ်ရာ အပြင်းအထန်ရ

Must read

မုံရွာမြို့နယ်မှ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၃ နှစ်အရွယ် ကျောင်းသူ ၁ ဦးနှင့် အမျိုးသမီး ၁ ဦးဒဏ်ရာ အပြင်းအထန်ရ

ရန်ကုန်၊ ဩဂုတ် ၂၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကျောင်းသူ ၁ ဦးနှင့် အမျိုးသမီး ၁ ဦးဒဏ်ရာ အပြင်းအထန်ရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ် မအူရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာမှ အသက် ၁၃ နှစ်အရွယ် ကျောင်းသူ ၁ ဦးနှင့် အမျိုးသမီး ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“မြေပြင်မှာ ဘာတိုက်ပွဲမှ မရှိဘဲနဲ့ကို ဘလိုင်းကြီးပစ်တာ။ ကျတာတော့ ကျမတို့ ဖောင်းကတာ တောင်ရွာစာသင်ကျာင်းအနီး က အိမ်ပေါ်ကို တည့်တည့်ကျတယ်။ အိမ်ရှင် မဌေးဌေးဝင်းက လက်မောင်းကျည်စ ထိမှန်တယ်။ နောက်ထပ်အသက်၁၃နှစ်အရွယ် မအင်းကြင်းခိုင်က တော့ ခြေထောက်ထိမှန်တယ်။ ၂ ဦးစလုံး ဒဏ်ရာက ပြင်းထန်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်က ယမန်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

“ပစ်တဲ့ လက်နက်ကြီးအမျိုးအစားက ၁၂၀ မမနဲ့ ပစ်တာဗျ။ ကျတဲ့နေရာတွေက ဖောင်းကတာ မြောက်ရွာတစ်လုံး၊ ကတော့သဲကောကြီးရွာအနီး နှစ်လုံး၊ ဖောင်ကတာဆည်ဘောင်ကတစ်လုံးနဲ့ ဖောင်းကတာ တောင်ရွာတစ်လုံးကျခဲ့တာ။ ထိခိုက်တာက ဖောင်းကတာ တောင်ရွာမှာနေတဲ့ ပြည်သူ၂ ဦးပဲ ထိခိုက်ပါတယ်။ ကျန်တဲ့ နေရာ ၄ ခုက တော့ ထိခိုက်ပျက်စီးမှု့မရှိခဲ့ဘူး” ဟု အဆိုပါ ဒေသပြည်သူက ဆက်လက်ရှင်းပြသည်။

စစ်ကောင်စီတပ်က ယခု ဩဂုတ်လအတွင်း လက်နက်ကြီးများဖြင့် မုံရွာဘက်ခြမ်းမှ ဆားလင်းကြီးမြို့နယ်အတွင်းသို့ မကြာခဏ ပစ်ခတ်မှုများ လုပ်ဆောင်နေသဖြင့် ပြည်သူ ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article