ကိုးကန့် MNDAA တပ်မတော်တွင် ဗမာတိုင်းရင်းသား ရဲဘော် ၁၃ ဦးက ကတိသစ္စာပြု ပါဝင်ပြီး တပ်သားသစ်များဖြစ်လာ
ရန်ကုန်၊ ဩဂုတ် ၂၅
ကိုးကန့် MNDAA တပ်မတော်တွင် ဗမာတိုင်းရင်းသား ရဲဘော် ၁၃ ဦးက ကတိသစ္စာပြု ပါဝင်ပြီး တပ်သားသစ်များဖြစ်လာကြောင်း MNDAA က သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၂၃ ရက်နေ့ တွင် MNDAAတပ်မတော်က ထူးခြားသော တပ် သားသစ် ကြိုဆိုပွဲ အခမ်းအနားကို စခန်းတစ်ခုတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ကွတ်ခိုင် ခရိုင် အုပ်ချုပ်ရေးကော်မတီ၏ ဒုတိယအတွင်းရေးမှူး Mr.Li Xinhai နှင့် ဒေသ ခံ စစ်ဘက်နှင့် နိုင်ငံရေးဌာန မှတာဝန်ခံပုဂ္ဂိုလ်များ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း၊ အခမ်းအနားတွင် ကိုမိုးထွန်း ဦးဆောင်သော ဗမာရဲဘော် ၁၃ ဦးသည် အသစ်စက်စက် စစ်ယူနီဖောင်းများ ၀တ်ဆင်ကာ ညာလက်သီးများကို ဆုပ်ကိုင်ကာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်တွင် တရားဝင်ပါဝင်ရန် MNDAAတပ်မတော်အလံရှေ့တွင် လေးနက်စွာ ကတိသစ္စာပြုကြကြောင်း သိရှိရသည်။
အခမ်းအနားသို့ တက်ရောက်လာသော ဒုတိယအတွင်းရေးမှူး Mr. Li Xinhai မှ တပ်သားသစ် ဗမာရဲဘော် ၁၃ ဦးနှင့် ရင်းရင်းနှီးနှီး အမှာစကား ပြောကြားခဲ့ပြီး ဒုတိယအတွင်းရေးမှူး Mr.Li Xinhai က ကတိသစ္စာပြုပွဲ ပြီးဆုံးသွားခြင်းသည် စစ်မှန်သော မဟာမိတ်စစ်သည်တစ်ဦး ဖြစ်လာခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
တပ်သားသစ်များအား စစ်မှုထမ်းခြင်းဆိုင်ရာ စံနှုန်းများကို အချိန်တိုင်း တင်းကြပ်စွာ ဆုပ်ကိုင်ထားရန်နှင့် စစ်မှုထမ်းရန် ကတိသစ္စာစကားကို အမြဲသတိရရန် တောင်းဆိုခဲ့ကြောင်း၊ ၎င်းတို့တွင် မတူညီသော တာဝန်များ ရှိပြီး ဘာ သာစကား ကွဲပြားသော်လည်း ၎င်းတို့သည် မဟာမိတ်တပ်ဖွဲ့ မိသားစုကြီး၏ အဖွဲ့ဝင်များ ဖြစ်နေဆဲဖြစ်ကြောင်း ၎င်းက တပ်သားသစ်များအား အလေးပေးပြောကြားခဲ့သည်ဟု သိရှိရသည်။
၂၀၁၅ ခုနှစ်အစောပိုင်းတွင် ဗမာစစ်သုံ့ပန်းများနှင့် လက်နက်ချအလင်းဝင်သူများသည် မဟာမိတ် တပ်သို့ တရားဝင်ဝင်ရောက်ခဲ့ကြပြီး ဗမာရဲဘော်အချို့မှာ ကိုးကန့်စကားကို ကျွမ်းကျင်၍ ပြောဆိုနေတတ်ကြောင်း သိရှိရပေသည်။
ယင်းနောက်တွင် ဗမာစစ်သုံ့ပန်း၊ တိုင်းရင်းသားလူငယ်များက ဒီမိုကရေစီ တော်လှန်ရေးအတွက် မြှုပ်နှံပြီး မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်ထဲကို ဝင်ရောက်ဖို့ ရွေးချယ်ခဲ့ကြောင်း၊ လူတိုင်းတွင် မတူညီသောဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဘာသာရေးယုံကြည်ချက်ရှိသော်လည်း ၎င်းတို့အားလုံးသည် တူညီသောပန်းတိုင်အတွက် ကြိုးစားအားထုတ်ကြကြောင်း၊ ရည်မှန်းချက်ကြီးသော ဒေသအသီးသီးမှ တိုင်းရင်းသား လူငယ်များသည် MNDAAတပ်မတော်၏ အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း MNDAA က ဆိုသည်။
၎င်းတို့၏ ပူးပေါင်းပါဝင်မှုသည် ရောင်စုံရိုးရာယဉ်ကျေးမှုကို စစ်တပ်စခန်းသို့ သယ်ဆောင်လာကာ မတူညီသော လူမျိုးစုများကြား စည်းလုံးညီညွတ်မှုစိတ်ဓာတ်နှင့် စစ်အစိုးရ၏ အာဏာရှင်စနစ် အုပ်ချုပ်မှုကို တွန်းလှန်ရန် ၎င်းတို့၏ သန္နိဋ္ဌာန်ကို ပြသခဲ့သည်ဟု MNDAA က သတင်းထုတ်ပြန်ထားသည်။