26 C
Yangon

လားရှိုးကဲ့သို့ မြို့ပြတိုက်ပွဲများဖြစ်ပွားလာလျှင် အသက် ၃၅ နှစ် အထက် သက် ကြီးပိုင်း အမျိုးသားများ ပါဝင်သော ပြည်သူ့လုံခြုံရေးအဖွဲ့များက အဓိက ခုခံစစ်အဖြစ် တိုက်ပွဲဝင်ရမည်ဟု စစ်ကောင်စီက ညွှန်ကြား

Must read

လားရှိုးကဲ့သို့ မြို့ပြတိုက်ပွဲများဖြစ်ပွားလာလျှင် အသက် ၃၅ နှစ် အထက် သက် ကြီးပိုင်း အမျိုးသားများ ပါဝင်သော ပြည်သူ့လုံခြုံရေးအဖွဲ့များက အဓိက ခုခံစစ်အဖြစ် တိုက်ပွဲဝင်ရမည်ဟု စစ်ကောင်စီက ညွှန်ကြား

ရန်ကုန်၊ ဩဂုတ် ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကဲ့သို့ မြို့ပြုတိုက်ပွဲများ ဖြစ်ပွားလာပါက အသက် ၃၅ နှစ်အထက် သက်ကြီးပိုင်း အမျိုးသားများ ပါဝင်သော ပြည်သူ့လုံ ခြုံ ရေးအဖွဲ့များသည် အဓိက ခုခံစစ်အဖြစ် တိုက်ပွဲဝင်ရမည်ဟု စစ်ကောင်စီက ညွှန်ကြားထားကြောင်း နေပြည်တော်၊ ပြည်ထဲရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၆ ရက်နေ့က ဖွဲ့စည်းလိုက်သော အဖွဲ့ဝင် ၁၄ ဦးပါ ပြည်သူ့လုံခြုံ ရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကွဲမှု အဖွဲ့က ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအဆင့် လုံခြုံရေး ကြီးကြပ်ကွပ်ကဲမှု အဖွဲ့များ ဖွဲ့စည်းလျက်ရှိကြောင်း၊ ဖွဲ့စည်းလိုက်သော ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များသည် အခြေခံအကျဆုံးသော လက်နက်တပ်ဆင်မည့် ခုခံစစ်တပ်များဖြစ်ပြီး လားရှိုးကဲ့သို့ မြို့ ပြ တိုက်ပွဲများဖြစ်ပွားလာလျှင် စစ်တပ်နှင့်အတူ လက်တွဲ၍ တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်များက တပ်စခန်းများကို ကာကွယ်နေချိန်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့များက မြို့ပြ၊ ရပ်ကွက်နှင့်ကျေးရွာများကို ကာကွယ်ရမည်ဖြစ်ကြောင်း ၊ လက်ရှိတွင် PDF များ စိမ့်ဝင်မှုကို ပြည်သူ့လုံခြုံရေးအဖွဲ့များက တားဆီးရှာဖွေ ဖမ်းဆီးရမည်ဟု ညွှန်ကြားချက်များရှိနေကြောင်း သိရှိရသည်။

“ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်မှု နှိမ်နင်းရေး ဗဟိုကြီးကြပ် ကွပ်ကဲမှုရဲ့ အကြောင်း ရှင်းပြခိုင်းတာတွေ ရှိနေတယ်။ ဘာကြောင့် ဒီအဖွဲ့က အရေးကြီးလဲဆိုတာက အချက်အလက်တွေနဲ့ ရှင်းပြခိုင်းတာတွေရှိပါတယ်။ အဓိက ဒီအဖွဲ့က ပူးပေါင်းအဖွဲ့ဖြစ်တယ်။ လူထုကို အခြေပြုထားတဲ့ နောက်ဆုံး ခုခံစစ်လိုင်းဖြစ်တယ်။ ဒီအဖွဲ့မှာ အားလုံးက တက်တက်ကြွကြွ ပါဝင်ရမယ်။ လားရှိုးလို မြို့ပြ တိုက်ပွဲတွေဖြစ်လာရင် ကိုယ့်မြို့ ကိုယ့်ရပ်ရွာထဲကို တစ်ဖက် လက် နက်ကိုင်တွေ ဝင်မလာစေဖို့ နောက်ဆုံးအချိန်အထိ ခုခံစစ်ဆင်နွှဲရမယ်။ ကိုယ့်မြို့ ကိုယ့်ရွာ မပျက်အောင် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေကပဲ ကာကွယ်နိုင်မယ်ဆိုတာတွေကို ရှင်းပြဖို့ ထွေ/အုပ်ဘက်ကနေ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေဆီ ညွှန်ကြားထားတာရှိတယ်” ဟု နေပြည်တော်ပြည်ထဲရေး သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် လက်ရှိ ပြည်ထဲရေးက စစ်ကောင်စီ၏ လုပ်ငန်းစဉ်များတွင် တက်တက်ကြွကြွ ပူးပေါင်းခြင်းမရှိသော ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကို ကြံ့ဖွတ်ပါတီအမာခံများ၊ စစ်တပ်ထောက်ခံသူများနှင့် အစားထိုးလျက်ရှိကြောင်း၊ ယခု ပြည်သူ့လုံခြုံရေးအဖွဲ့များသည် လက် နက် တပ်ဆင်မည်ဖြစ်သည့် အ တွက် စစ်တပ်က အမှန်တကယ် အလုပ်လုပ်မည်ဟု ယုံကြည်စိတ်ချရသူများဖြင့်သာ လဲလှယ်အစားထိုးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“အရင် NLD ခေတ်ကတည်းက ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေဆိုရင် လဲဖို့ ။ ဖရဲသီးလို့ မသင်္ကာသူတွေ၊ သံသယရှိသူတွေကို ဖြုတ်ပြီး အစားထိုးတာတွေလည်းရှိတယ်။ ဒီပြည်သူ့လုံခြုံရေးတပ်တွေက လက်နက်တပ်ဆင်မှာဖြစ်လို့ တပ်အတွက် အမှန်တကယ်ယုံကြည်စိတ်ချရသူတွေကိုပဲ ရွေးချယ်ခန့်အပ်ဖို့တွေလည်း ညွှန်ကြားမှုရှိတယ်” ဟု နေပြည်တော်ပြည်ထဲရေး သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်ကွက်နှင့် ကျေးရွာအဆင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ၂ လ အတွင်း အပြီး ဖွဲ့စည်းပြီး လက်နက်ပစ်ခတ်မှု သင်တန်းများကိုလည်း စစ်ကောင်စီက အမြန်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တိုင်းတွင် ပြည်သူ့စစ်သင်တန်းကို လာရောက်စစ်ဆေးနေသည့် အကြမ်းဖက် စစ်တိုင်းမှူး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article