27 C
Yangon

PV နိုင်ငံကူးလက်မှတ် အသစ်ဖြင့် ပြည်ပထွက်မည့်သူ အများစု လေဆိပ်မှ အိမ်ပြန်ခိုင်းနေ ၊ ဗီဇာ၊ အပြန်လေယာဉ် လက်မှတ်၊ ဟိုတယ်ဘိုကင်နှင့် Show Money အပါအဝင် အထောက်အထား အပြည့် အစုံ ပြသသည့်တိုင် စစ်တပ်က ပြည်ပထွက်ခွာခွင့် ပိတ်ပင်

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ PV အလည် နိုင်ငံကူးလက်မှတ်အသစ်ဖြင့် ထွက်ခွာမည့်သူအများစု ထွက်ခွင့်မရဘဲ လေဆိပ်မှ အိမ်ပြန်ခိုင်းနေပြီး ဗီဇာ၊ အပြန်လေယာဉ်လက်မှတ်၊ ဟိုတယ်ဘိုကင်နှင့် Show Money အပါအဝင် သက်သေ အထောက်အထား အပြည့်အစုံ ပြသသည့်တိုင် ပြည်ပထွက်ခွာခွင့်ကို စစ်ကောင်စီက ပိတ်ပင်နေကြောင်း ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခံရသူများ၊ လေဆိပ်လ၀ကနှင့် ခရီးသွားအေဂျင်စီများထံမှ စုံစမ်းသိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ယခု ဩဂုတ်လမှစတင်ပြီး ရန်ကုန်လေဆိပ်မှ ပြည်ပနိုင်ငံများသို့ ထွက်ခွာများကို စိစစ်ကန့်သတ်ပိတ်ပင်မှုများ လုပ်ဆောင်လာကြောင်း၊ PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပ နိုင်ငံများသို့ သွားရောက် အလုပ်လုပ်မည့်သူများကို စိစစ်တားဆီးသည်ဟု စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း လက်တွေ့တွင် PV နိုင်ငံကူးလက်မှတ်ဖြင့် လူငယ် အသက် ၁၈ နှစ်မှ အသက် ၄၀ အထိ အမျိုးသား၊ အမျိုးသမီးများကို ပြည်ပသို့ အလည်သွားရောက်ခွင့် ပိတ်ပင်နေခြင်းဖြစ်ကြောင်း၊ ယခုနောက်ဆုံးတွင် အလည် နိုင်ငံကူးလက် မှတ် PV ဖြင့် ပြည်ပသို့ ထွက်ခွာမှုများအားလုံးနီးပါးကို ကန့်သတ်ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း၊ ဗီဇာ၊ အပြန်လေယာဉ်လက်မှတ်၊ ဟိုတယ်ဘိုကင်နှင့် Show Money အပါအဝင် အထောက်အထား အပြည့်အစုံ ပြသသည့်တိုင် ပထမဆုံးအကြိမ် ပြည်ပထွက်မည့်သူအားလုံးကို လေဆိပ်မှပင် လှည့်ပြန်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၇ ရက်နေ့ ရန်ကုန်လေဆိပ်တွင် PV နိုင်ငံကူးလက်မှတ်စာအုပ် အသစ်ကိုင်ဆောင်လာသူများကို ရန်ကုန်လေဆိပ်မှပင် အကြောင်း ပြချက်မရှိ ပြန်လည် လွှတ်နေကြောင်း၊ ခရီးသွားမှတ်တမ်းမရှိသော ပထမအကြိမ် ပြည်ပခရီးထွက်မည့်သူများကို လှည့်ပြန်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

“လေဆိပ်မှာ PV နဲ့ အလုပ်သွားလုပ်တဲ့သူတွေကို ပြည်ပထွက်ခွင့်မပေးဘူးဆိုတာကို ဆိုင်းဘုတ်အပြာကြီးနဲ့ ချိတ်ထားတယ်။ ဒါပေမယ့် အခုက PV နိုင်ငံကူးလက်မှတ် အသစ်မှန်သမျှကို ပြည်ပထွက်ခွင့်မပေးတော့တာဖြစ်သွားပြီ။ ဗီဇာလည်းပါတယ်၊ အပြန်လေယာဉ်လက်မှတ်၊ ဟိုတယ်ဘိုကင်၊ Show Money အကုန် ပါတယ်။ အဲဒါကို ဘာမှ မစစ်မဆေးဘဲ အိမ်ပြန်ခိုင်းတာ” ဟု ပြည်ပခရီးသွားဝန်ဆောင်မှု ပေးနေသည့် ခရီးသွားအေဂျင်စီတစ်ခုမှ ပိုင်ရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီက ဩဂုတ်လ ၁၄ ရက်နေ့တွင် နိုင်ငံကူးလက်မှတ် PV ကိုင်ဆောင်၍ ပြည်ပသို့ သွားရောက် အလုပ်လုပ်မည့်သူများကို စိစစ်ပိတ်ပင်မည်ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ခြင်းဖြစ်သည်။

လက်ရှိ လေဆိပ်မှ ပြန်လည် လွှတ်ခံနေရသည့် ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခံရသူများတွင် ကျန်းမာ ရေးကိစ္စဖြင့် ပြည်ပ သွားရောက်မည့်သူများ၊ ကျောင်းသွားတက်မည့်သူများ ပါဝင်ကြောင်း၊ ကျန်းမာရေးနှင့် ကျောင်းသွားတက်မည့် စာရွက်စာတမ်းအပြည့်အစုံ ပြသသည့်တိုင် မည်သည့် အကြောင်းပြချက်မှ မပေးဘဲ ပြည်ပထွက်ခွင့် ပိတ်ပင်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်လေဆိပ်တွင် PV ဖြင့် သွားရောက် အလုပ်လုပ်ကိုင်မှုများကို ပိတ်ပင်သည့် အပြာရောင်ဆိုင်းဘုတ်ကို စိုက်ထူထားစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်လေဆိပ်တွင် PV ဖြင့် သွားရောက် အလုပ်လုပ်ကိုင်မှုများကို ပိတ်ပင်သည့် အပြာရောင်ဆိုင်းဘုတ်ကို စိုက်ထူထားစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article