28 C
Yangon

မြန်မာစစ်တပ်၏ အကြမ်းဖက် ရက်စက်ယုတ်မာမှုများကို အမျိုးသမီး၊ မိန်းကလေးငယ်များနှင့် လူငယ်များက ဆိုးရွားစွာ ခါးစည်းခံစားနေရသော် လည်း နိုင်ငံတကာက အရေးယူရန် ပျက်ကွက်နေဆဲ၊ မြန်မာပြည်သူများ ခံစားနေရသည့် ဒုက္ခ စကားလုံးဖြင့် ဖော်ပြ၍ မရသည့် ကြေကွဲ စရာများဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

မြန်မာစစ်တပ်၏ အကြမ်းဖက် ရက်စက်ယုတ်မာမှုများကို အမျိုးသမီး၊ မိန်းကလေးငယ်များနှင့် လူငယ်များက ဆိုးရွားစွာ ခါးစည်းခံစားနေရသော်လည်း နိုင်ငံတကာက အရေးယူရန် ပျက်ကွက်နေဆဲဖြစ်ပြီး မြန်မာပြည်သူများ ခံစားနေရသည့် ဒုက္ခ စကားလုံးဖြင့်ဖော်ပြ၍ မရသည့် ကြေကွဲ စရာများဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂအစည်းအဝေးတွင် ပြောဆိုသည်။

ဩဂုတ်လ ၂၇ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ UNDP နှင့်ပတ်သက်သော ပုံမှန်အစည်းအဝေး၏ UNDP Segment ဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်းပြောလိုက်ခြင်းဖြစ်သည်။

စစ်တပ်အကြမ်းဖက် ရက်စက်ယုတ်မာမှုများ၏ ရိုက်ခတ်မှုများကို အမျိုးသမီး၊ မိန်းကလေး ငယ်များနှင့် လူငယ်များက ဆိုးရွားစွာ ခါးစည်းခံစားနေကြရကြောင်း၊နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သည့်အရေးယူ ဆောင်ရွက်မှု ပျက်ကွက်နေခြင်း ကြောင့် မြန်မာပြည်သူများခံစားနေရမှုများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာ ကြောင်း၊ မြန်မာပြည်သူများ ခံစားနေရမှုသည် စကားလုံးဖြင့်ဖော်ပြ၍ မရသည့် ကြေကွဲ စရာဖြစ်ရပ်ဖြစ်ကြောင်း၊ အဆိုပါပြဿနာရပ်များ၏ အဓိကဇစ်မြစ်မှာ စစ်အာဏာရှင်နှင့် မတရားစစ်အာဏာ သိမ်းယူမှု ကြောင့်ဖြစ်သည်ဆိုသည်မှာ ရှင်းလင်းနေကြောင်း၊ ယင်းပြဿာနာကို ဖြေရှင်းရေးအတွက် နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်နှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဆင့်တို့တွင် ဟန်ချက်ညီညီ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြသည်။

ထို့အပြင် စစ်တပ်၏ အတင်းအဓ္ဓမစစ်မှုထမ်းစေခြင်းကြောင့်လည်း နိုင်ငံတစ်ဝှမ်းရှိ ပြည်သူ များသည် ကြောက်ရွံ့မှုအောက်တွင် နေထိုင်နေရကြောင်း၊ တရားဥပဒေစိုးမိုးမှုသည် အလုံးစုံ ပျက်စီးခဲ့ပြီးဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် နိုင်ငံဖြတ်ကျော် မှုခင်းများမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာခြင်းကြောင့် မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းနှင့် ဒေသအပြင်ဘက်ကိုပါ ရိုက်ခတ်လျက်ရှိကြောင်း သံအမတ်ကြီးက ပြောသည်။

မြန်မာပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် သန္နိဌာန်ချထားပြီး၊ တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်နေကြောင်း၊ ယင်းတွင် နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် မြန်မာပြည်သူများ၏ ကြိုးပမ်းနေမှုအပေါ် ထိရောက်သော ထောက်ခံပံ့ပိုးမှု ပေးရန်လိုကြောင်း၊ လွတ်လပ်ပြီး စည်းလုံးညီညွတ်သည့် ဒီမိုကရေစီ အနာဂတ်မြန်မာနိုင်ငံ ကို တည်ထောင်ခြင်းဖြင့်သာ အားလုံး ရည်မှန်းချက်ထားသည့် ဖွံ့ဖြိုးတိုးတက်မှု ကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း သံအမတ်ကြီးက တိုက်တွန်းသည်။

လက်ရှိတွင် UNDP၏ ပြောကြားချက်အရ မြန်မာနိုင်ငံ၏ အခြေအနေသည် အဆိုးရွားဆုံးသော အရေးပေါ်အခြေအနေသို့ ရောက်နေကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းတွင် စီးပွားရေး၊ လူမှုရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆုတ်ယုတ်စေရသည့် အကြောင်းအရင်းကို မျက်ကွယ်ပြု၍ မရပါကြောင်း၊ စစ်တပ်က မတရားအာဏာသိမ်းယူပြီး နောက်ပိုင်း ပြီးခဲ့သည့် ၃ နှစ်ကျော်ကာလအတွင်းတွင် မြန်မာနိုင်ငံ၏ လူပေါင်း ၄၂ သန်းခန့်မှာ စားဝတ်နေရေးဖူလုံမှုအောက်သို့ ကျရောက် နေပြီး လူလတ်တန်းစားအရေအတွက်သည် ၅၀ ရာခိုင်နှုန်း ခန့် လျော့ကျသွားခဲ့သည်ဟု UNDP က ထောက်ပြထားကြောင်း၊ ထို့ပြင် လူပေါင်း ၅,၅၀၀ ကျော် မှာ စစ်တပ်၏ မတရားရက်စက်စွာ သတ်ဖြတ်ခံရပြီး လူဦးရေ ၃ ဒသမ ၂ သန်းကျော်မှာ နေရပ်စွန့်ခွာထွက်ပြေး နေရကြောင်း၊ ၁၈ ဒသမ ၆ သန်းမှာ လူသားချင်းစာနာမှု အကူအညီလိုအပ်လျက်ရှိကြောင်း သိရှိရသည်။

ကုလသမဂ္ဂFAO အဖွဲ့၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရှိ မိသားစုစုစုပေါင်း ၏ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေရကြောင်း၊ ထို့ပြင် စစ်အာဏာရှင်များ၏ ရက်စက်သည့်လုပ်ရပ်များ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ ကြောင့် ပြည်သူများသည် နေ့စဉ်တဓူဝခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက UNDP အစည်းအဝေးတွင် ပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article