ရန်ကုန်၊ ဩဂုတ် ၂၈
ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်တွင် ပြည်သူများကို ပေါ်တာဆွဲရန် ပြင်ဆင်နေသည့် အလယ်ကုန်းရဲစခန်းမှ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန် ရေးတပ်များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၆ Black Dragon GBK-PDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဩဂုတ်လ ၂၇ ရက်နေ့ ည ၈ နာရီအချိန် အလယ်ကုန်းရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ကြောင်း၊ တော်လှန်ရေးအဖွဲ့က ပစ်ခတ်သည့် ကျည်ထိမှန်၍ စခန်းအပေါက်ဝရှိ အကြမ်းဖက်စစ်သား ၁ ဦး လဲကျသွားသည်ကို မြင်တွေ့ရပြီး ထိခိုက်သေဆုံးသူ အရေအတွက် စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။
“လူငယ်တွေကိုပေါ်တာဆွဲဖို့ အလယ်ကုန်းက ရဲတွေဆီ စစ်သားတွေရောက်နေတယ် သတင်းကြားလို့ သူတို့လာမယ့် လမ်းက သွားစောင့်နေတာ။ ထွက်မလာတာနဲ့ စခန်းကို သွားဆော်တာပါ။ စခန်းအပေါက်ဝမှာ ရပ်နေတဲ့ ၁ ကောင်ကတော့ ကျွန်တော်တို့ဘက်က ပစ်ခတ်မှုကြောင့် အရုပ်ကြိုးပြတ် လဲကျသွားတယ်။ သေ၊ မသေတော့ မသိရသေးဘူး” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၆ Black Dragon GBK-PDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် အကြမ်းဖက်စစ်သားများနှင့် စစ်ကောင်စီထောက်တိုင်များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့၏ အနီး သွားလာနေထိုင်မှုများ လုံးဝမပြုလုပ်ကြရန်လည်း သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၆ Black Dragon GBK-PDF က သတိပေးချက်ထုတ်ပြန်ထားသည်။
ကြို့ပင်ကောက်မြို့နယ်အတွင်း ပြည်သူ ၅၀ ထက်မနည်း အကြမ်းဖက်စစ်ကောင်စီက ပေါ်တာဆွဲခဲ့ကြောင်း ၊ လူငယ်များကို ပေါ်တာဆွဲသည့် အကြမ်းဖက်စစ်သား၊ရဲ၊ အုပ်ချုပ်ရေးမှူးနှင့် ဒလန်များကို ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၆ Black Dragon GBK-PDF က ကြေညာထားပြီဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – တောင်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar