ရန်ကုန်၊ ဩဂုတ် ၂၉
ဩဂုတ်လ ၂၇ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့် တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ကျောက်မဲမြို့ အမှတ် ၉ ရပ်ကွက်ကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဗုံး ၂ လုံး ကျရောက် ပေါက်ကွဲမှုကြောင့် ရပ်ကွက်နေ ပြည်သူ အသက် ၅၄ နှစ်အရွယ် မိုင်းအညော် ပွဲချင်း ပြီးသေဆုံးခဲ့ပြီး အသက် ၃၅ နှစ် အရွယ် ကိုငယ်လေ နှင့် အသက် ၅၀ အရွယ် ကိုနောင် တို့ ၂ ဦး ဗုံးစထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ကျောက်မဲမြို့ အမှတ် ၉ ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် နေအိမ် ၅ လုံးလည်း ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
အလားတူ သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်ကလည်း သီပေါမြို့အတွင်းကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဥ်ဖြင့် ဗုံးအလုံး ၅၀ ကျော် လာရောက်ကျဲချ တိုက်ခိုက်မှုကြောင့် ဒေသပြည်သူ ၂ ဦးသေ ဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိကာ စာသင်ကျောင်းနှင့် နေအိမ်များလည်း ထိမှန် ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ဩဂုတ်လ အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က သီပေါမြို့၊ ကျောက်မဲမြို့၊ ကွတ်ခိုင်မြို့နှင့် နမ့်ဆန်မြို့များရှိ ပြည်သူများကို ဦးတည်ပြီး လေကြောင်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အများအပြားရှိပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အဦးနှင့် ဒေသပြည်သူများ၏ နေအိမ်များလည်း ထိခိုက်ပျက်စီးမှု များပြားကြောင်း TNLA က ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်း စောဘွားရေရှင်ကျေးရွာ ဆေးခန်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် သြဂုတ် ၂၇ ရက်နေ့ ညနေ ၃ နာရီခန့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင် သတင်းရင်းမြစ်များက ပြောဆိုသည်။
ထို့ပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာတွင် အကြမ်းဖက် စစ်သားများ ပစ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
ဩဂုတ်လ ၂၆ ရက်နေ့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇီးဝန်း အမြောက်တပ် ၃၁၄ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဘီးလင်းမြိုနယ် တောင်ကလေးကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်သို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ၂ တန်းကျောင်းသား မောင်ဝင်းကို အသက် ၆နှစ်၏ ပေါင်တွင် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar