28 C
Yangon

ထီးချိုင့်မြို့နယ်၊ မောင်းကုန်းရွာဈေးအနီး နှင့် ဂရိတ်ဝေါ သကြားစက် ဂိတ်ပေါက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သေဆုံးသူ ပြည်သူ အရေအတွက် ၉ ဦးအထိ မြင့်တက်လာ

Must read

ရန်ကုန်၊ စက်တင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းရွာဈေးအနီးနှင့် ဂရိတ်ဝေါ သကြားစက် ဂိတ်ပေါက်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုသည်။

စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်နှင့် ၃ နာရီခန့်တွင် မိတ္ထီလာ လေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ထီးချိုင့်မြို့နယ်၊ မောင်းကုန်းရွာဈေးအနီးရှိ ပိပိရိရိ စားသောက်ဆိုင်ရှေ့ နှင့် ဂရိတ်ဝေါ ဝေမာသကြားစက် ဂိတ်ပေါက် ၂ နေရာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်ခဲ့သော ပိပိရိရိဆိုင်ရှေ့ ကျရောက်ပေါက်ကွဲခဲ့သော ဗုံးသည် ဆီပေပါများ တင်ထားသော ကားပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၉ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခဲ့သော နေရာသည် ပြည်သူအများစု ဈေးရောင်းချသော နေရာဖြစ်ပြီး စစ်ရေးပစ်မှတ် မရှိဘဲ အရပ်သား အများစုရှိသည့် နေရာများကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ကမ်းနီရွာဈေးတွင် အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုခံခဲ့ရသော်လည်း ဗုံးခိုကျင်းများထဲတွင် ရှောင်တိမ်းနိုင်ခဲ့သောကြောင့် သေဆုံးသူမရှိခဲ့ဘဲ ပြင်းထန်ဒဏ်ရာရရှိသူ ၂ ဦးနှင့် သာမန် ထိခိုက်ဒဏ်ရာရသူ ၅ ဦးခန့်သာရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်သည် ၎င်းတို့အုပ်ချုပ်၍ မရသည့်ဒေသများတွင် လူစုလူဝေးရှိရာ အရပ်များဖြစ်သည့် ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဈေးများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်းကြောင့် လေကြောင်းအန္တရာယ်မှ ရှောင်ရှားနိုင်ရန်အတွက် လေယာဉ် ဦးတည်ရာ လမ်းကြောင်းကို အစဉ်သတိရှိရှိ သတင်းရယူခြင်း၊ သတင်းပြန်ပို့ခြင်းနှင့်‌ လေယာဉ်ဦးတည်ရာ အရပ်သည် မိမိတို့ရှိရာ အရပ်သို့ ဦးတည်သည်ဟု သတင်းရရှိသည်နှင့် တပြိုင်နက် အချိန်နှင့်တပြေးညီ ဗုံးခိုကျင်း (သို့မဟုတ်) ဗုံးဒဏ်ခံနိုင်သော အဆောက်အဦများကို အရေးပေါ် ရှောင်တိမ်းကြပါရန် ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်း နှိုးဆော် ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article