26 C
Yangon

ထီးလင်း၊ ရေမျက်နီကျေးရွာ စစ်စခန်းကို ရိက္ခာလာပို့သည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ ၁၂ ဦးကို ဖမ်းဆီးပြီး ၃ ဦးကို ပစ်သတ်

Must read

ထီးလင်း၊ ရေမျက်နီကျေးရွာ စစ်စခန်းကို ရိက္ခာလာပို့သည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ ၁၂ ဦးကို ဖမ်းဆီးပြီး ၃ ဦးကို ပစ်သတ်

ရန်ကုန်၊ စက်တင်ဘာ ၃

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာ စစ်စခန်းကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး စစ်တပ်က ပြည်သူ ၁၂ ဦးကို ဖမ်းဆီးကာ ၃ ဦးကို ပစ်သတ်ခဲ့ကြောင်း ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၁၈ ရက်နေ့တွင် ထီးလင်းမြို့၊ ရွှေထီးခန်းမ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများက ရေမျက်နီ ကျေးရွာစခန်းကို လူအင်အား ၈၀ ကျော်ဖြင့် ခဲယမ်းနှင့် ရိက္ခာများ လာရောက် ပို့ဆောင်စဉ် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်း စစ်ကြောင်းသည် ဩဂုတ် လ ၃၀ ရက်နေ့တွင် ရေမျက်နီကျေးရွာမှ ပြန်လည်ထွက်ခွာလာပြီး စက်တင်ဘာလ ၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ထီးလင်းမြို့နယ်၊ ပါးမျဉ်းရွာ မြောက်ဘက်နေရာ၌ တော်လှန်‌ရေး တပ်ဖွဲ့များက ထပ်မံ ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ယင်းနေ့ ည ၉ နာရီခန့်တွင် ထီးလင်းမြို့အဝင်၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူ ၄ ဦးကို ဖမ်းဆီးခဲ့ပြီး ၃ ဦးကို ပစ်သတ်ကာ ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ သေဆုံးသွားသော ပြည်သူ ၃ ဦး၏ ရုပ်အလောင်းများကိုလည်း စစ်ကောင်စီ တပ်သားများ စွန့်ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ စက်တင်ဘာလ ၃ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် ထီးလင်းမြို့အတွင်းသို့ ပြန်ဝင်သွားကြောင်း သိရသည်။

“ဩဂုတ်လ ၁၈ ရက်နေ့က ရေမျက်နီစခန်းကို ကျည်ဆံတွေသွားပို့ရတာ အလာတုန်းကတော့ ၈၃ ယောက်ပဲ တိုက်ပွဲဖြစ်တော့ တပ်ကြပ် ၁ ဦးသေတယ်။ အပြန်ကျတော့ ပုံညာ ဘက်ကို ပတ်တက်ပြီး အရှေ့ဘက်လမ်းကနေ ပြန်ခဲ့တာ အဲဒီမှာလမ်းမှာတွေ့တဲ့ဟာကို ဖမ်းတာ လျှော်ဖြူပင် ရွာသား ၈ ယောက်ကတော့ ၈ ယောက်စလုံးပြန်လွတ်လာပြီ မနေ့ကဖမ်းတဲ့ ၄ ယောက် ထဲမှာ ၃ ယောက်ကိုရှင်းလိုက်တာ တစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်တာ မနေ့က ည နေ ၅ နာရီလောက်မှာ တိုက်ပွဲထပ်ဖြစ်သေးတယ်။ ကြားဖြတ်တိုက်တာ သူတို့ ၃ ဦးထိ တာ၊ တစ်ဦး က ပွဲချင်းပြီးလို့ပြောလို့ရတယ်။ သေတယ် အလောင်းကို ပြန်သယ်လာတယ်။ ထမ်းလာ တယ်။ ၂ ဦး ကလည်း သေတော့မသေသေးဘူး။ သေဖို့ အခြေအနေများတယ်လို့ ပြောတယ်။ အခုတော့ မသေ သေးဘူး” ဟု ယောအလင်းတန်းမှ ကိုမင်းဒဿက ပြောဆို သည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လျှော်ဖြူပင်ရွာမှ ပြည်သူ ၈ ဦးကိုလည်း လမ်းခရီး၌ ဓားစာခံဖမ်းဆီးခဲ့ပြီး ၎င်းတို့ ၈ ဦးလုံး ကို ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

Photo – ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article