25.4 C
Yangon

ဘုတလင်နှင့်မုံရွာမြို့နယ်တို့တွင် စစ်မှုထမ်း အပတ်စဉ် ၅ အတွက် လူငယ်များကို စစ်သားအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ တောက်လျှောက်ဖြစ်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့တွင် စစ်မှုထမ်း အပတ်စဉ် ၅ အတွက် လူငယ်များကို စစ်သားအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ တောက်လျှောက် ဖြစ်ပွားနေပြီး စက်တင်ဘာလဆန်းပိုင်းတွင် အခြေအနေ ပိုဆိုးလာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် ဩဂုတ်လလယ်ပိုင်းမှစတင်ပြီး လူငယ်များကို အကြောင်းအမျိုးမျိုးပြ၍ စစ်တပ်နှင့် ရဲများက ဖမ်းဆီးနေကြောင်း ၊ အထူးသဖြင့် ညပိုင်းအချိန်များတွင် ဧည့်စာရင်း အကြောင်းပြ၍ ဖမ်းဆီးမှုများ များပြားလာသည့်အပြင် နေ့အချိန်များတွင်လည်း လမ်းဆုံလမ်းခွများတွင် စစ်ဆေးရေးဂိတ်များချ၍ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်နှင့် မှတ်ပုံတင်များ စစ်ဆေးသည်ဟုအကြောင်းပြကာ လူငယ်များကို ဖမ်းဆီးသွားမှုများ များပြားနေကြောင်း သိရှိရသည်။

“မုံရွာမြို့ပေါ်ရော ရွာတွေဘက်မှာပါ ပေါ်တာဆွဲတာတွေကတော့ ဩဂုတ်လလယ်လောက်ကတည်းက များနေတာ။ အခုထက်ထိလည်းများနေတုန်းပဲ။ လူငယ်တွေလည်း နေ့ရော ညပါ မထွက်ကြတော့ဘူး။ ဧည့်စာရင်းနဲ့ဖမ်းတယ်။ ဆိုင်ကယ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင် စစ်ပြီး ဖမ်းတယ်။ အပြစ်မရှိ အပြစ်ရှာဖမ်းပြီး ပေါ်တာဆွဲတယ်။ ဘာအပြစ်မှ မရှိရင်လည်း ဖမ်းချင်လို့ ဖမ်းတယ်ဆိုသလိုဖြစ်နေတယ်” ဟု မုံရွာမြို့မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောဆိုသည်။

မုံရွာမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ် ဖွဲ့က စက်တင်ဘာလ ၄ ရက် နံနက် ၆ နာရီဝန်းကျင်မှစတင်ပြီး စစ်ကြောင်းထိုးပေါ်တာဆွဲ ဖမ်းဆီးမှုများကို ပြုလုပ်နေကြောင်း သိရှိရသည်။

မုံရွာမြို့အရှေ့ဘက်ခြမ်းကျေးရွာများဖြစ်သည့် ဇလုပ်၊ထနောင်း၀န်း၊ရွာတုံ၊ရေကန်စု စသည့်ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က အင်

အားရာဂဏန်းဖြင့် ၀င်ရောက်ပေါ်တာဆွဲနေခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

“ရွာတုံကရော ဇလုပ်ကရော ဖမ်းခံလိုက်ရတာရှိတယ်လို့ကြားတယ်။ကျွန်တော်တို့လည်း အခုပြေးနေရတာ၊အင်အားက များတယ်ဗျ၊လက်

နက်ကြီးတွေနဲ့ရော ပစ်နေတာ”ဟု မုံရွာမြို့နယ်အရှေ့ဘက်ခြမ်းကျေးရွာခံပြည်သူတစ်ဦးကပြောဆိုသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း မုံရွာမြို့ပေါ်တွင် အဓမ္မပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် ပြည်သူ ရာဏဂန်းဝန်းကျင် ဖမ်းဆီးခံခဲ့ရပြီး အနောက်မြောက်တိုင်းစစ် ဌာနချုပ်မှ တဆင့် ကလေးမြို့ရှိ စစ်အုပ်စု၏ တပ်စခန်းသင်းတန်းကျောင်းသို့ ဖမ်းဆီးခံရသူများကို စစ်တပ်က ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လကုန်ပိုင်းမှစတင်ပြီး ဘုတလင်မြို့နှင့် ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင်လည်း စစ်ကော်ငစီတပ်ဖွဲ့ဝင်များက ပေါ်တာဆွဲဖမ်းဆီးမှုများလုပ်ဆောင်လာကြောင်း၊ လူငယ်များ ဆက်တိုက်အဖမ်းခံနေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ဩဂုတ် ၃၁ ရက် ညပိုင်းပိုင်း ဘုတလင်မြို့ မြောက်ခြမ်းရပ်ကွက်တွေက လူငယ်တချို့ ဖမ်းခံလိုက်ရတာရှိတယ်။ ၄၊ ၅ ဦး လောက် ပါသွားတယ်။ပြီးတော့ မြို့မြောက်ဘက်က ရွာ တွေထဲ စစ်ကြောင်းထိုးပြီး ဖမ်းသွားတာလည်း ရှိတယ်” ဟု ဘုတလင်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

(ရန်ကုန်ခေတ်သစ်နှင့် မျက်မှောက်ခေတ် ပူးပေါင်းရေးသားသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article