26 C
Yangon

MNDAA က ဖမ်းဆီးရရှိထားသော လားရှိုး အရှေ့မြောက်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့၏ သတင်းကို ၁ လကျော်ကြာသည်အထိ မထုတ်ပြန်၊ လက်နက်ချအညံ့ခံခြင်းဖြစ်၍ ကောင်းမွန်စွာထားဖွယ်ရှိဟုဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို MNDAA က သိမ်းပိုက်စဉ် ဖမ်းဆီးရရှိထားသော ရမခတိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့၏ သတင်းကို ၁ လကျော်ကြာသည်အထိ ထုတ်ပြန်ခြင်းမရှိပေ။

ဇူလိုင်လ ၃ ရက်နေ့မှစတင်ပြီး MNDAA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များက လားရှိုး ကိုစတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၃ ရက်နေ့တွင် အရှေ့ မြောက် တိုင်းစစ်ဌာနချုုပ်ကို အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ဩဂုတ်လ ၄ ရက်နေ့တွင် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့် (တေဇ-၁၆) ၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး (စတသ-၄၁)၊ ကျောက်မဲ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁ မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး (တေဇ-၂၆) တို့ကို MNDAA က ဖမ်းဆီးရရှိခဲ့ကြောင်း၊ ဖမ်းဆီးရရှိချိန်တွင် လက်နက်ချ အညံ့ခံခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူတို့ကို ဘယ်မှာထားလဲ မသိပါဘူး။ ဒါပေမယ့် လက်နက်ချ အညံ့ခံတာဆိုရင် ကောင်းကောင်းမွန်မွန် ထားပါလိမ့်မယ်။ လားရှိုးမှ လက်နက်ချတဲ့ အောက်ခြေနဲ့ အရာရှိငယ်အဆင့်တွေမှာ ကျန်းမာ ရေး မကောင်းသူတွေကိုတော့ အသုတ်လိုက်ပြန်လွှတ်ပေးတာရှိတယ်။ တိုင်းမှူးနဲ့ ဗိုလ်ချုပ် ၂ ဦး သတင်းက အသေးစိတ် မထုတ်ပြန်ရင်တော့ ကျနော်တို့လည်း မသိရဘူး” ဟု မြောက်ပိုင်းမဟာမိတ်ညီနောင် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်သည် လက်နက်ချ အညံ့ခံချိန်တွင် စွပ်ကျယ်အဖြူ ဝတ်ဆင်ခဲ့ပြီး အေးဆေးစွာဖြင့်ပင် MNDAA ထံတွင် အဖမ်းခံခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက ရရှိဖော်ပြခဲ့သော ဗီဒီယိုအရ သိရှိရသည်။

MNDAA က ဩဂုတ်လ ၃ ရက်နေ့ လားရှိုးမြို့ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ထောင်ချီသော တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ လက်နက်ချ အလင်းဝင်ခဲ့ကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article