အုတ်ဖိုမြို့နယ်
ရန်ကုန်၊ စက်တင်ဘာ ၁၀
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ စဥ့်ကူးရွာ အုပ်ချုပ်ရေးမှူး သက်အောင် ပစ်ခတ်ခံရပြီး သေဆုံးကာ အလောင်းလာ ကောက်သည့် စစ်ကောင်စီ တပ်သားများနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ စဥ့်ကူးရွာ အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် သက်ကြီး(ခ) သက်အောင်ကို တောင်သုံးလုံးဘုရားနှင့် စဥ့်ကူးကျေးရွာ အကြားရှိ လမ်းပိုင်းတွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ၏ ရဲဘော်များက စောင့်ကြို ပစ်ခတ် ရှင်းလင်းပြီး ၄င်းထံမှ မိုလ်ဘိုင်း ဖုန်း ၁ လုံး၊ ငွေကျပ် ၁ သိန်း နှင့် စစ်မှုထမ်းဟောင်း ကတ်ပြား ၁ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယင်းသို့ တိုက်ခိုက်ပြီးနောက် နံနက် ၉ နာရီခန့်တွင် အလောင်းလာကောက်ရန် လာသည့် ပျူစောထီးများနှင့် တော်လှန်ရေး ရဲဘော်များ ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ်ပွားပြီး အပြန်အလှန် ပစ်ခတ်မှု မိနစ်၂၀ခန့် ကြာမြင့်ကာ ပျူစောထီး ၂ ဦး ထပ်မံသေဆုံးခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သက်ကြီး (ခ) သက်အောင် သည် အကြမ်းဖက် စစ်ကောင်စီ ထောက်တိုင် အမာခံတစ်ဦးဖြစ်ပြီး ပြည်သူများကို အတင်းအကျပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံခြင်း၊ စစ်တပ်ထံ တော်လှန်ရေး ရဲဘော်များ၏ အချက်အလက်များ ထောက်လှမ်းသတင်းပို့ခြင်း၊ စဥ့်ကူးကျေးရွာနှင့် တမံကြီးရွာ အကြား၌ စစ်ဆေးရေးဂိတ်ဖွင့်ကာ အကြောင်း အမျိုးမျိုးပြ၍ ငွေကြေးကောက်ခံခြင်း၊ ဒေသ လူငယ်များကို စည်းရုံး၍ စစ်ကောင်စီ လက်ကိုင်တုတ် ပျူစောထီးအဖွဲ့အား ဖွဲ့စည်းပြီး ပြည်သူများအား အမျိုးမျိုးဒုက္ခပေးနေသောကြောင့် ပစ်ခတ် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
ဆက်လက်၍ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက် စစ်တပ် ထောက်တိုင်များကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်၍ အဆိုပါ ထောက်တိုင်များအနီး ပြည်သူများအနေနှင့် သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် ကြိုတင် အသိပေးအပ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar