ရန်ကုန်၊ စက်တင်ဘာ ၁၂
နေပြည်တော် ပေါင်းလောင်းဆည်အတွင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေများ ပြည့်လျှံလာမှု ထိန်းမနိုင်တော့ဘဲ ၆ ပေကျော်ခန့် ရေကျော်ကျကာ တဟုန်ထိုး ရေများစီးထွက်နေကြောင်း စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ပြောဆိုသည်။
စက်တင်ဘာလ ၁၀ ရက်နေ့နှင့် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မိုးများ သည်း ထန်စွာ ရွာသွန်းသဖြင့် ပေါင်းလောင်းဆည်အတွင်း ရေများ ပြည့်လျှံလာသည့်အပြင် မထိန်းနိုင်တော့ကြောင်း၊ ရေပိုလွှဲများဖွင့်၍ ရေများကို ဖွင့်ထုတ်ချသော် လည်း မထိန်းနိုင်တော့ဘဲ ၆ ပေကျော်ခန့် ရေများ အလုံးအရင်းဖြင့် တရှိန်ထိုး စီးထွက်နေကြောင်း သိရှိရသည်။
“အခုက ပေါင်းလောင်းဆည်က ရေပိုလွှဲက ရေတွေ ဖောက်ထုတ်တာတောင် မနိုင်ဘဲ ရေတွေ ၆ ပေကျော်လောက်ကို ရေအလုံးအရင်းနဲ့ကို ကျော်ပြီး စီးထွက်နေတာ။ ကန်ရေပြည့်အမှတ်ကို ကျော်တဲ့အပြင် ကျော်သွားတာ။ ပေါင်းလောင်းချောင်းနံဘေးက ရွာတွေအကုန် ရေကြီးနေတာလည်း သိရတယ်” ဟု နေပြည် တော် စိုက်ပျိုရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် နေပြည်တော်အတွင်းရှိ ဆည်များတွင် တည်တည်ငြိမ်ငြိမ် ရေများ ထိန်းထားနိုင်သေးကြောင်း၊ ရေဆင်းဆည်တွင် ကန်ရေပြည့်အမှတ်ရောက်ရန် ၇ ပေခန့်လိုနေသေးကြောင်း၊ ငလိုက်ရေလှောင်တမံ တွင် ကန်ရေပြည့်အမှတ် သို့ရောက်ရှိပြီ ဖြစ်ပြီး ရေများ ဖောက်ချရန်ရှိနေကြောင်း၊ ဆင်သေတမံတွင် ကန်ရေပြည့်အမှတ်ရောက်ရန် ၁၉ ပေခန့် ၊ တောက်ပြိုတမံ နှင့် မဒန်းတမံတို့တွင် ကန်ရေပြည့်အမှတ် ရောက်ရန် ၁၁ ပေကျော်၊ မြို့လှတမံတွင် ကန်ရေပြည့်ရန် ၁၃ ပေကျော်၊ ချောင်းမငယ်တမံတွင် ကန်ရေပြည့်ရန် ၅ ပေကျော်၊ ဖောင်းလောင်တမံ နှင့် သဲဖြူတမံ တို့တွင် ကန်ရေပြည့်ရန် ၃ ပေကျော် ၊ မုန်းချောင်းတမံ တွင် ကန်ရေပြည့်ရန် ၂ ပေ လိုသေးနေကြောင်း သိရှိရသည်။
လက်ရှိတွင် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်နေပြည်တော်အနီး ရှိ သိုက်ချောင်းတံတားမှာ ရေစီးမှုကြောင့် ကျိုးကျသွားပြီး လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွားကြောင်း၊ ရေများ စီးဆင်းမှု ရပ်တန့်သွားမှသာ တံတား ပြင်ဆင်ရေး ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လတ်တလော လမ်းပန်းဆက်သွယ်ရေးအားလုံး ရပ်ဆိုင်းထားရကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar