31 C
Yangon

လောင်းလုံးမြို့နယ်တွင် စစ်တပ် တပ်စွဲထားသော နေရာများ၊ ခြေလျင် စစ်ကြောင်း နှင့် ယာဉ်တန်း တို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

Must read

လောင်းလုံးမြို့နယ်တွင် စစ်တပ် တပ်စွဲထားသော နေရာများ၊ ခြေလျင် စစ်ကြောင်း နှင့် ယာဉ်တန်း တို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ စက်တင်ဘာ ၁၂

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများ၊ ခြေလျင်စစ်ကြောင်းနှင့် ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် မောင်းမကန်ကြက်ခြံ၌ ရှိနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လောင်းလုံး PDF က ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၀ ဦး ခန့် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ဘက်မှ ဆေးမှုးကြီး ၁ ဦးလည်း ပြင်းထန် ဒဏ်ရာရရှိကာ သေဆုံးသွားသော စစ်သား အလောင်းများကို ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲ ပိုင်းတွင် အရေးပေါ်ကားများဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

စက်တင်ဘာလ ၇ ရက်နေ့ ည ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ပြင်ကြီးရွာ၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိနေစဉ် လောင်းလုံး PDF က ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ဖြစ်ပွားပြီး ၎င်းပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် သဘော့ဆိပ်ရွာထဲကို ရောက်ရှိနေလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လောင်းလုံး PDF က ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ ၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၎င်းပစ်ခတ်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခြေလျင်စစ်ကြောင်းသည် မောင်းမကန်နှင့် ကျောက်ဆင်ရွာ အကြား၌ ရောက်ရှိလာစဉ် လောင်းလုံး PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ တချို့ ရှိကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မောင်းမကန် ၃ ထပ်လမ်း၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော မြေတင်ကား ၂ စီးနှင့် Vigo ကား ၁ စီးကို လောင်းလုံး PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်း မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ဦးခန့် သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူများကာ ယင်းတိုက်ခိုက်မှုများကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဇုန်(၁)မှ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ မောင်းမကန်၊ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ရှိုင်သာယာကျေးရွာများအတွင်း နေအိမ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စိတ်ကြိုက်မွှေနှောက်ပြီး တန်းဖိုးရှိ ပစ္စည်းများကို ကားဖြင့် ခိုးယူသယ်ဆောင်ကာ နေအိမ်များကို မီးရှို့ခဲ့သည့်အတွက် အကြမ်းဖက် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article