24.8 C
Yangon

ဂန့်ဂေါမြို့နယ်၊ ကျောမြို့ရှိ ကပစ ၂၃ တပ်မှ တပ်မိသားစုဝင်အားလုံးကို စစ်ကောင်စီက ရွှေ့ပြောင်းပေးပြီး အရာရှိနှင့်စစ်သည်များ အသေခံ တိုက်ပွဲဝင်ရန် ညွှန်ကြား

Must read

ဂန့်ဂေါမြို့နယ်၊ ကျောမြို့ရှိ ကပစ ၂၃ တပ်မှ တပ်မိသားစုဝင်အားလုံးကို စစ်ကောင်စီက ရွှေ့ပြောင်းပေးပြီး အရာရှိနှင့်စစ်သည်များ အသေခံ တိုက်ပွဲဝင်ရန် ညွှန်ကြား

ရန်ကုန်၊ စက်တင်ဘာ ၁၆

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့ရှိ ကပစ ၂၃ တပ်မှ တပ်မိသားစုဝင်အားလုံးကို စစ်ကောင်စီက ရွှေ့ပြောင်းပေးလိုက်ပြီး PDF များ လာရောက်တိုက်ခိုက်ပါက ကပစ ၂၃ တပ်ရှိ အရာရှိနှင့်စစ်သည်များအားလုံး အသေခံ တိုက်ပွဲဝင်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

ဩဂုတ်လနှောင်းပိုင်းမှစတင်ပြီး ကျောမြို့၊ အမှတ် ၂၃ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံမှ တပ်မိသားစုဝင်များအားလုံးကို ရွှေ့ပြောင်းမှုများ လုပ်ဆောင်ခဲ့ရာ စက်တင်ဘာလ ၄ ရက်နေ့တွင် ကိုယ်ဝန်ဆောင်၊ ကလေးမိခင်၊ ကလေးငယ်များ အပါအဝင် တပ်မိသားစုဝင်များအား လုံးကို ရဟတ်ယာဉ်များဖြင့် ရွှေ့ပြောင်းပေးခဲ့ပြီးပြီဖြစ်ကြောင်း၊ ထိုသို့ ပြောင်းရွှေ့ပေးပြီးနောက် ကပစ ၂၃ မှ အရာရှိနှင့်စစ်သည်များကို အသေခံ တိုက်ပွဲဝင်ရန် စစ်ကောင်စီက အမိန့်ပေး ညွှန်ကြားထားကြောင်း သိရှိရသည်။

“ကျောမြို့ ကပစ ၂၃ မှာရှိတဲ့ တပ်အသိုင်းအဝိုင်းရဲ့ ကိုယ်ဝန်ဆောင်နဲ့ ကလေးအမေတွေ၊ မိသားစုဝင်တွေအားလုံးကို စက်တင်ဘာလ ၄ ရက်နေ့ နောက်ဆုံးထားပြီး ရွှေ့ပြီးပြီ။ သူတို့ကို အရင်ဆုံး နမခ ကို ရဟတ်ယာဉ်နဲ့ရွှေ့ပေးတယ်။ အဲဒီကနေတဆင့် သက်ဆိုင်ရာ ဇာတိနေရာတွေဆီ ပြန်ခိုင်းတယ်။ ကျောမြို့လည်း လူရှင်းနေပြီ။ ကပစ ၂၃ မှာတော့ အရာရှိနဲ့ စစ်သည်တွေပဲ ကျန်ပါတယ်။ တိုက်ခိုက်မှုတွေ ဖြစ်လာရင် နောက်မဆုတ်တမ်း၊ ငါမသေ ငါ့စခန်း မကျစေရ စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်ဖို့ ညွှန်ကြားထားတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဂန့်ဂေါမြို့နယ်အတွင်း တပ်များ၊ ကပစစက်ရုံများ၊ အင်ဂျင်နီယာတပ်များတွင် လေကြောင်းဖြင့် လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းပေးနေပြီး တပ်များနှင့်စခန်းများ မကျစေရေး အရာရှိနှင့်စစ်သည်များ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ကြရန် အမိန့် ပေးညွှန်ကြားနေကြောင်း၊ ဂန့်ဂေါမြို့နယ်အတွင်းတွင် မြေပြင် ကုန်းလမ်းကို စစ်ကောင်စီက ထိုးဖောက်နိုင်တော့ခြင်းမရှိဘဲ လေကြောင်းကိုသာ အဓိက အားကိုးနေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရဟတ်ယာဉ်ဖြင့် ပြောင်းရွှေ့မှုများ လုပ်ဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article