ရန်ကုန်၊ ဧပြီ ၃၀
စစ်အာဏာရှင်၏ ယနေ့ ဧပြီလ ၃၀ ရက် (ကဆုန်လပြည့်နေ့)လွတ်ငြိမ်းချမ်းသာခွင့်သည် ဟန်ပြ သာဖြစ်ပြီး နိုင်ငံရေးအကျဉ်း သားတစ်ဦးတစ်ယောက်မှ မပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံ ရေး အကျဉ်းသားများကွန်ရက် (PPNM) မှ မရောင်နီလင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်က ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၁,၅၀၈ ဦးကို ယနေ့တွင် လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း၊ ထို့အပြင် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၁၁ ဦးကိုလည်း ၎င်းတို့ကျခံရန် ကျန် ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပေးကာ လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
သို့ရာတွင် အကြမ်းဖက်စစ်တပ်၏ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုဖြင့် လွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသားများပါဝင်မှု ရှိ၊ မရှိ သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် – PPNM က လက်လှမ်းမီသမျှ စာရင်းပြစုခဲ့ရာ အင်းစိန်အကျဉ်းထောင်မှ ၁၀၃ ဦး၊ လားရှိုးအကျဉ်းထောင်မှ ၅၂ ဦး အပါအဝင် အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသူ စုစုပေါင်း ၃၃၆ ဦးလုံးသည် နိုင်ငံရေးနှင့် မသက်ဆိုင်သော “အခြားအမှု” (ရာဇဝတ်မှု) များဖြင့် ပြစ်ဒဏ်ကျခံနေရသူများသာ ဖြစ်သည်ကိုတွေ့ ရှိရကြောင်း ထောက်ပြထားသည်။
“ကျနော်တို့ စာရင်းတွေအရ နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်လာတာကိုတွေ့ရပါတယ်။ ဒီတစ် ခေါက်လွတ်ငြိမ်းက နိုင်ငံရေးအကျဉ်းသားတွေ မပါပဲနဲ့ အခြားပြစ်မှု၊ ပြစ်ဒဏ်ရှိတဲ့ အမှုတွေပဲ အဓိက ထားပြီးတော့ လွှတ်ပေးတယ်လို့ ပြောလို့ရပါတယ်။ ရပ်ကွက်ထဲကပြောစကားဆိုရင်တော့ သူတို့ရဲ့ နေ့လို့ ပြောကြတာပေါ့၊ နိုင်ကျဉ်းတွေမပါပဲနဲ့ ပြစ်မှုပြစ်ဒဏ်တွေပဲလွှတ်ပေးတဲ့နေ့လို့ပဲ သုံးသပ်ကြ ပါတယ်။ ဒီရက်ပိုင်း Proof of Life လှုပ်ရှားမှုတွေ၊ Blue Shirt Movement တွေမှာ ပြည်သူတွေပါဝင်လာကြတယ်၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ မင်းအောင်လှိုင်ဟာ ဖိအားတစ်ရပ်ဖြစ်လာပြီး တော့ လွှတ်ပေးတယ်ဆိုတဲ့ လူ့အခွင့် အရေးကိစ္စရပ်တရပ်ကိုဖော်ဆောင်လိုက်တာဖြစ်ပါတယ်။ ဒီအခါ မှာကျနော်တို့စာရင်းတွေအရ နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်လာတာကို မတွေ့ရတာပေါ့နော်။ ဒါ ကိုကြည့်ခြင်းအားဖြင့် လွှတ်ပေးတယ်ဆိုတဲ့ ဂုဏ်ကို ယူဆောင်တာမျိုးပဲဖြစ်ပါတယ်” ဟု မြန်မာ နိုင်ငံ လုံးဆိုင်ရာနိုင်ငံ ရေး အကျဉ်းသားများကွန်ရက် (PPNM) မှ မရောင်နီလင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ထို့အပြင် ကျိုက်မရော၊ မအူပင်၊တောင်ငူ နှင့် ထားဝယ်အကျဉ်းထောင်တို့တွင် လွတ်မြောက်လာ သူ များမှာလည်း စုံစမ်းစစ်ဆေးဆဲ (ပုံစံစစ်ဆဲ) အဆင့်သာရှိပြီး နိုင်ငံရေးအကျဉ်းသား တစ်ဦးမျှ ပါဝင် ခြင်းမရှိသည်ကို အတိအလင်း အတည်ပြုနိုင်သည်ဟု ဆိုသည်။
စစ်အာဏာရှင်သည် လူသားချင်းစာနာမှု ခေါင်းစဉ်တပ်ကာ လွတ်ငြိမ်းခွင့်ပေးနေသော်လည်း အမှန် တကယ် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကိုမူ အကျဉ်းထောင်အသီးသီးတွင် ယနေ့တိုင် ဆက်လက်ပိတ်လှောင်ထားဆဲဖြစ်ပြီး PPNMအနေဖြင့် စစ်အာဏာရှင်၏ ယခုကဲ့သို့သော ဟန်ပြလှည့်စားမှုများကို အစဉ်တစိုက် စောင့်ကြည့်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့အပြင် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဆက် လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။




