26 C
Yangon

ပြင်ဦးလွင်မြို့နယ်၊ ဆင်ဖြူအင်းကျေးရွာ၊ ဖောင်းတောရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက် အပါအဝင် ကျေးရွာများနှင့် ရပ်ကွက်များတွင် သက်ကြီးပိုင်း အမျိုးသားများကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်

Must read

🟥 တိုက်ကြီးနှင့်အမရပူရတို့တွင် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှုနှင့် ငွေကြေးခြိမ်းခြောက်တောင်းခံမှုများဖြစ်ပွား

ရန်ကုန်၊ စက်တင်ဘာ ၂၀

အကြမ်းဖက်စစ်ကောင်စီ၏ တပ်မြို့တော်ဖြစ်သော ပြင်ဦးလွင်မြို့နယ်၊ ဆင်ဖြူအင်းကျေးရွာ၊ ဖောင်းတောရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက် အပါအဝင် ကျေးရွာများနှင့် ရပ်ကွက်များတွင် သက်ကြီးပိုင်း အမျိုးသားများကို စစ်သင်တန်းတက်ရန်အတွက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လလယ်ပိုင်းမှစတင်၍ ပြင်ဦးလွင်မြို့နယ်၊ ဆင်ဖြူအင်းကျေးရွာ၊ ဖောင်းတောရပ်ကွက်နှင့် အနီးစခန်းပတ်ဝန်းကျင်ရှိကျေးရွာများမှ အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အတွင်း အမျိုးသားများကို ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် စစ်ကောင်စီက စာရင်းတောင်းခံကြောင်း၊ သို့ရာတွင် စာရင်းပေးမည့်သူ မရှိသည့်အတွက် စစ်တပ်က ရပ်ကွက်နှင့်ကျေးရွာများအတွင်းသို့ ဝင်ရောက်၍ စစ်သင်တန်းတက်ခိုင်းရန် သက်ကြီးပိုင်း အမျိုးသားများကို ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပြင်ဦးလွင်မြို့နယ်၊ ဆင်ဖြူအင်းရွာမှာ အုပ်ကြီးက အစည်းအဝေးခေါ်ပြီး ကျေးရွာ ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ဖွဲ့မယ်။ ဆယ်အိမ်စု တစ်စုကို ၅ ဦး ပါရမယ်။ အိမ်ခြေ ၁၄၀ ဆိုတော့ ၁၄ စုရှိတာမှာ စုစုပေါင်း ၇၀ ဦးပေးခိုင်းတယ်။ ရှေ့မှာလည်း စစ်မှုထမ်းအတွက် လူငယ် ၂ ဦး ပေးခဲ့ပြီးပြီ။ ရွာကလူတွေလည်း စိတ်မချမ်းမသာဖြစ်နေကြတယ်။ ဘယ်သူမှလည်းမလုပ်ချင်ကြပါဘူး။ မဖြစ်မနေ လုပ်ရမယ်ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်း ပတ်ဝန်းကျင်မှ ရပ်ကွက်နှင့်ကျေးရွာများရှိ သက်ကြီးပိုင်း အမျိုးသားများကို စစ်သင်တန်းတက်ရောက်ရန် စစ်ကောင်စီက လာရောက်ခေါ်ဆောင်ခဲ့ကြောင်း၊ စာရင်းပေးမည့်သူမရှိသည့်အတွက် နေအိမ်များသို့ အတင်းအကျပ် ဝင်ရောက်ကာ တွေ့ရှိသည့်သူကို ပေါ်တာဆွဲ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်တပ်က အနီးစခန်း နားက ရပ်ကွက်နဲ့ကျေးရွာတွေမှာ သက်ကြီးပိုင်း အမျိုး သား ၂ ဦး စစ်ထဲဝင်ရမယ်ဆိုပြီး စစ်တပ်က ပြောတယ်။ စာရင်းမရတော့ တွေ့တဲ့အိမ်တက်ဆွဲတာ။ ဖောင်းတော ရပ်ကွက်က သက်ကြီးပိုင်း လူကြီး ၂ ဦး ပါသွားတယ်။ အောင်မင်္ဂလာရပ်ကွက်ကလည်း ၂ ဦး ပေါ်တာဆွဲခံရတယ်။ အိမ်တွေကို ဝင်ဆွဲတာ။ လိုလိုလားလား လိုက်တာမျိုးမဟုတ်ဘူး” ဟု ဖောင်းတာရပ်ကွက်မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့အတူ စက်တင်ဘာလ ၁၈ ရက်နေ့ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ပြည်လုံးကျော်ကျေးရွာမှု အုပ်ချုပ်ရေးမှူး သိန်းလှိုင်က စစ်မှုထမ်းအတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး စစ်မှုထမ်းရန် အလှည့်မကျသေးသည့် နေအိမ်များမှ တစ်အိမ်လျှင် တစ်လ ငွေကျပ် ၆ သောင်းကျပ် အတင်းလိုက်လံ ခြိမ်း ခြောက်တောင်းယူနေကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး မြင့်စိုးက ရပ်ကွက်အတွင်းမှ အသက်အရွယ်မရွေး အမျိုးသားများကို စစ်မှု ထမ်းရန်ဟုဆိုကာ လိုက်လံ ဖမ်းဆီး၍ စစ်တပ်ထဲသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရှိရသည်။

“ကျနော်တို့ရွာမှာ အရင်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ မင်းလွင်ပါ။ သူက စစ်တပ်က လူတောင်းတာ မပေးနိုင်တော့ မင်းလွင်ကို ဖြုတ်ချပြီး မြင့်စိုးက ဥက္ကဋ္ဌ ဝင်လုပ်တာ။ မြင့်စိုးက စစ်တပ်အလိုကျ ရွာဥက္ကဋ္ဌ ရာထူးအတင်းယူပြီး စစ်တပ်တောင်းသမျှ လူငယ်တွေကို ဖမ်းဆီးပြီး စစ်ထဲပို့တော့တာပဲ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article