မြိုင်မြို့နယ်၊ ကံကြီးတောရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ ၂၃
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကံကြီးတောရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီး ကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း သတင်းတာဝန်ခံ ရဲဘော်ခလေးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၆ မိနစ်ခန့်အချိန် မြိုင်မြို့နယ်၊ ကံကြီးတောရွာ အရှေ့ဘက် စာသင်ကျောင်းနှင့် ဘုန်ကြီးကျောင်းကို အကြမ်းဖက် စစ်တပ်၏ တိုက်လေယာဉ်က ဗုံး ၁၆ လုံးကျော် ကျဲချသည့်အပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း ၊ အကြမ်း ဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း တောင်ဘက်ရှိ လူမနေသော နေအိမ် ၁ လုံးလည်းပျက်စီးပြီး အရှေ့ဘက် ဘုန်းကြီးကျောင်းလည်း ဗုံးစများထိမှန်၍ ပျက်စီးသွားကြောင်း သိရှိရသည်။
“မြိုင်မြို့နယ်၊ ကံကြီးတောရွာကို စစ်ခွေးတွေ ဂျက်ဖိုက်တာနဲ့ စက်သေနတ်နဲ့ ၁၀ ချက် အထက်၊ ရော့ကတ် ၁၀ လုံးကျော် နဲ့ ဗုံး ၆ လုံး ပစ်ခတ် ကျဲချ တိုက်ခိုက်သွားတယ်။ စာသင်ကျောင်းတောင်ဘက်က လူမတဲ့ နေအိမ် ၁ လုံးလည်း ပျက်စီးပြီး အရှေ့ဘက်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းကို လည်း ဗုံးစတွေ ထိမှန်လို့ မီးကြိုးတွေလည်း ပျက်စီးသွားတယ်” ဟု ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း သတင်းတာဝန်ခံ ရဲဘော်ခလေးက ပြောဆိုသည်။
ယခုရက်ပိုင်း မကွေးတိုင်းအတွင်းရှိ မြိုင်မြို့နယ်၊ ပေါက်မြို့နယ် အပါအဝင် မြို့နယ်များကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လာနေကြောင်း မကွေးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုကြသည်။