ရန်ကုန်၊ ဇွန် ၂၃
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စိုးမိုးအုပ်ချုပ်ရေးနယ်မြေအတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်တော် (PLA) တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူတစ်ဦးကို ဖမ်းဆီးကာ ငွေကျပ်သိန်း ၂၀၀၀ ဖြင့် ပြန်ပေးဆွဲငွေညှစ်ခဲ့သည့်အပြင်၊ ၎င်းတို့ဆုတ်ခွာသွား သည့်စခန်းတွင် မိုင်းထောင်ထားခဲ့သဖြင့် နယ်မြေခံကာကွယ်ရေးရဲဘော် ၄ ဦး ကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်နှင့် ပကဖသတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရှိရသည်။
မေလ ၂၆ ရက်နေ့ ည ၁၁ နာရီခန့်တွင် တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာအုပ်စု၊ ဝဲလောင်ရွာရှိ အပြစ်မဲ့ အရပ်သားကားသမားတစ်ဦးဖြစ်သူ ဦးသန်းဌေးအောင်၏ နေအိမ်သို့ PLA စစ်ရေးတာဝန်ခံ သောင်းထောက် (ခ) ဗီယက်နမ် (ခ) ဦးစိုး ဦးဆောင်သည့် အင်အား ၁၀ ဦးထက်မနည်းသော အဖွဲ့က နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်စီးနင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
PLA တပ်ဖွဲ့က သတင်းပေးဒလန်မဟုတ်သည့် သာမန် ပြည်သူ ဦးသန်းဌေးအောင်ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည့်အပြင်၊ နေအိမ်ရှိ အန်စာတုံးကား ၁ စီး၊ ယိုးဒယား ၁၁၀ ဆိုင်ကယ် ၁ စီး၊ လော်ဂျားဆိုင်ကယ် ၁ စီး၊ ငွေသား ၁၀ သိန်းကျပ်၊ အိမ်ဝိုင်းစာချုပ်၊ အိမ်ထောင်စုဇယား၊ ကလေးမွေးစာရင်းနှင့် ဘွဲ့လက်မှတ်များကိုပါ ဥပဒေမဲ့ ယူဆောင်သွားခဲ့ကြောင်း ဇနီးဖြစ်သူ မကြည်ကြည်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ တိုင်တန်းထားသည်။
ဇွန်လ ၁၈ ရက်နေ့ PLA ဘက်မှ ဇွန်လ ၁၉ ရက်နေ့ နောက်ဆုံးထား၍ ငွေကျပ်သိန်း ၂၀၀၀ ဖြင့် လာရောက်မရွေးပါက ဖမ်းဆီးထားသူအား သတ်ပစ်မည်ဟု ဇနီးဖြစ်သူထံ ခြိမ်းခြောက်ဖုန်းဆက်လာခဲ့သဖြင့် ကာယကံရှင်မိသားစုက တောင်သာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရုံးသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ကြောင်း သိရှိရသည်။
ထို့ကြောင့် မြင်းခြံခရိုင် ပကဖနှင့် မြင်းခြံခရိုင်စစ်ဒေသတို့က ကိစ္စရပ်အား ဖြေရှင်းရန် PLA နှင့် ညှိနှိုင်းခဲ့ပြီး၊ ဖမ်းဆီးခံပြည်သူအား ၇ ရက်အတွင်း ပြန်လွှတ်ပေးရန်နှင့် ပစ္စည်းများ ပြန်လည်အပ်နှံရန် တောင်သာပကဖက ဇွန်လ ၁၈ ရက်နေ့တွင် လူကိုယ်တိုင်သွားရောက်စာပို့ တောင်းဆိုခဲ့သည်။ သို့သော် ဇွန်လ ၁၉ ရက်တွင် PLA ဘက်က ပူးပေါင်းဆောင်ရွက်မှုမပြုနိုင်ကြောင်း၊ ပြန်မလွှတ်ပေးနိုင်ကြောင်း စာဖြင့် အကြောင်းပြန်ခဲ့သည်ဟု သိရှိရသင်္ည။
ဇွန်လ ၂၂ ရက် နေ့လယ် ၁၂ နာရီတွင် နယ်မြေခံအဖွဲ့များက ထပ်မံဆက်သွယ်ရာ၌ PLA က ဦးသန်းဌေးအောင်အား ပြန်လွှတ်ပေးလိုက်ပြီဟု အကြောင်းပြန်ခဲ့သော်လည်း ဦးသန်းအောင်ကို ဝဲလောင်ရွာနှင့် ရွာသစ်ရွာအကြားတွင် ရိုက်နှက်ခြင်းခံထားရသည့် ဒဏ်ရာများဖြင့် သတိလစ်လျက် တွေ့ရှိခဲ့ရသဖြင့် လိုအပ်သည့် ကယ်ဆယ်ကုသမှုများ ပြုလုပ်ပေးခဲ့ရသော်လည်း သိမ်းဆည်းသွားသည့် ပြည်သူပိုင်ပစ္စည်းများကိုမူ ယနေ့အထိ ပြန်လည်အပ်နှံခြင်း မရှိသေးပေ။
ထို့နောက် PLA က သဘောတူညီချက်အရ ခရိုင်အတွင်း ဆက်လက်နေထိုင်ခြင်းမရှိတော့ဘဲ ဆုတ်ခွာသွားသည့် PLA စခန်းများကို နယ်မြေခံကာကွယ်ရေးရဲဘော်များက ဝင်ရောက်စစ်ဆေးခဲ့ရာ၊ PLA ဘက်က ရဲဘော်များအိပ်သည့် ဆောင်များတွင် ရည်ရွယ်ချက်ရှိရှိ မိုင်းများထောင်ထားခဲ့သဖြင့် မိုင်းပေါက်ကွဲမှုဖြစ်ပွားကာ ကာကွယ်ရေးရဲဘော် ၄ ဦး ကျဆုံးခဲ့ပြီး အများအပြား ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
တောင်သာမြို့နယ်အတွင်း PLA အဖွဲ့အနေဖြင့် ယခုဖြစ်စဉ်သာမက ယခင်ကလည်း တောင်ခမောက်ရွာနေ ကိုဖိုးထူးအား ဖမ်းဆီး၍ ငွေကျပ်သိန်း ၅၅၀ ဖြင့် ပြန်ရွေးခိုင်းခြင်းနှင့် စီးနင်းသည့်ကားအား သိမ်းဆည်းခြင်း၊ တောင်သာမြို့နယ်အတွင်းရှိ ဆီလုပ်ငန်းရှင်များ၏ ကားများကို ဖမ်းဆီးကာ ငွေကြေးဖြင့် ပြန်လည်ရွေးခိုင်းခြင်း စသည့် စိုးမိုးအုပ်ချုပ်ရေးကို ထိပါးနှောက်ယှက်သည့် ဥပဒေမဲ့လုပ်ရပ်များကို အကြိမ်ကြိမ်ကျူးလွန်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရှိရသည်။
NUG က PLA အဖွဲ့၏ ပြည်သူအပေါ် ခြိမ်းခြောက်ငွေညှစ်မှုနှင့် နောက်ဆက်တွဲဖြစ်စဉ်များနှင့် ပတ် သက်၍ ပြည်သူများတိုင်ကြားထားသည်များကို ဆက်လက်အသိပေး ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
တောင်သာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တာဝန်ခံသည် ဝဲလောင်ကျေးရွာမှ ဦးသန်းဌေးအောင် ဖမ်းဆီးငွေညှစ်ခံရသည့် ဖြစ်စဉ်အပါအဝင် PLA အဖွဲ့က ဒေသခံပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ် ကျူးလွန်ခဲ့သည့် အောက်ပါဖြစ်စဉ်များကို ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ကတည်းက ဝန်ကြီးဌာနထံ တရားဝင် ရုံးစာပေးပို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ- PLA တပ်ဖွဲ့ဝင်များ။




