25 C
Yangon

လားရှိုးမြို့ နည်းပညာအထက်တန်းကျောင်းနှင့် အေတီတပ်ဦးကျောင်းဝင်းအတွင်းသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများကျဲချ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ နည်းပညာအထက်တန်းကျောင်းနှင့် အေတီတပ်ဦးကျောင်းဝင်းအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ် လေယာဉ်များဖြင့် ဗုံးများကျဲချခဲ့ကြောင်း MNDAA တပ်ဖွဲ့ဝင်များ၏ လူမှုကွန်ရက်ပေါ် သတင်းဖော်ပြချက်နှင့် ဒေသပြည်သူတချို့၏ ပြောဆိုချက်များအရ သိရှိရသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်၊ နံနက် ၂ နာရီ ၁၈ မိနစ်နှင့် နံနက် ၂ နာရီ ၂၂ မိနစ်အချိန်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လားရှိုးမြို့ ၊ ရပ်ကွက် ၁၂ ရှိ နည်းပညာအထက်တန်းကျောင်း၊ အေတီတပ်ဦးကျောင်းဝင်းအတွင်းသို့ ဗုံးများ ကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုတွင် နည်းပညာအထက်တန်းကျောင်း အဆောက်အအုံတချို့ ထိခိုက်ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

“နေ့ရောညပါ အိပ်ကောင်းခြင်း မအိပ်ရဘူး။ Y12 ဆိုရင်တော့ လေယာဉ်သံက အဝေးကြီးကတည်းက ကြားရတယ်။ တိုက်လေယာဉ်ကတော့ အသံကြားပြီး မိနစ်ပိုင်းပဲ ခြားတယ် ပေါက်ကွဲသံကြားရတာ။ Y12 ဆိုရင်တော့ ရှောင်ချိန်ရပေမယ့် တိုက်လေယာဉ်ဆိုရင်တော့ အရမ်းမြန်လို့ ကိုယ့်အိမ်ပေါ်ကျရင် ရှောင်ချိန် နည်းတယ်။ ညဆိုရင်တော့ အိပ်မပျော်ကြဘူး။ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ အားလုံးလိုလိုပဲ” ဟု ရပ်ကွက် ၁၂ ၊ နယ်မြေ ၉ တွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ နံနက်အစောပိုင်း စစ်ကောင်စီ၏ တိုက်လေယာဉ်ဖြင့် လားရှိုးမြို့ပေါ် ဗုံးကျဲချမှုသည် နည်းပညာအထက်တန်းကျောင်းပေါ်တွင် ဗုံး ၂ လုံး၊ အေတီတပ်ဦးကျောင်းဝင်းအတွင်းတွင် ဗုံး ၂ လုံး ကျရောက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့ကို ဩဂုတ်လ ၃၀ ရက်နေ့၊ စက်တင်ဘာလ ၉ ရက်နေ့၊ စက်တင်ဘာလ ၁၀ ရက်နေ့ ၊ စက်တင်ဘာလ ၂၁ ရက်နေ့၊ စက်တင်ဘာလ ၂၄ ရက်နေ့ နှင့် ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ တို့တွင် လားရှိုးမြို့သို့ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ထက်မနည်း အပြင်း အထန် လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-နေဝေစိုး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article