30 C
Yangon

NLD က အသွင်ကူးပြောင်းရေးကာလ အခြေခံ ဥပဒေ (တတိယမူကြမ်း)ကို ရေးဆွဲထားပြီး မိတ်ဖက်အင်အားစုများနှင့် သဘောထားများ ညှိနှိုင်း ပေါင်းစပ်မည်ဟု ကြေညာ

Must read

🟥 ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆို

ရန်ကုန်၊ စက်တင်ဘာလ ၂၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ(တတိယမူကြမ်း)ကို မကြာမီ အချိန်တွင် ရည်မှန်းချက်တူ မိတ်ဖက်အင်အားစုများ၏ အမြင်သဘောထားများကို စုစည်း၍ ညှိနှိုင်း ပေါင်းစပ်သွားမည်ဖြစ်ကြောင်း ယနေ့ တရားဝင် ထုတ်ပြန်ကြေညာသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျရောက်သည့် NLD ပါတီတည်ထောင်ခြင်း ၃၆ နှစ်ပြည့် ကြေညာချက် ထုတ်ပြန်ရာတွင် ထိုသို့ ကြေညာခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကြေညာစာတမ်းပါ စစ်မှန်သောဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တစ်ရပ်ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးကိုလည်း တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ အခြားအင်အားစုများသည်လည်း အသွင်ကူးပြောင်းရေး ကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းများ ပြင်ဆင်ထားကြောင်း သိရှိရသကဲ့သို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့်လည်း မျှော်မှန်းရေးဆွဲထားသော အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံ ဥပဒေ(တတိယမူကြမ်း)ကို မကြာမီအချိန်တွင် ရည်မှန်းချက်တူ မိတ်ဖက်အင်အားစုများ၏ အမြင်သဘောထားများကိုစုစည်း၍ ညှိနှိုင်းပေါင်းစပ် သွားမည်ဖြစ်ကြောင်း NLD က ကြေညာသည်။

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ်ထူထောင်နိုင်ရန် လက်ရှိကြားကာလတွင် တိုင်းဒေသ ကြီးများ သို့မဟုတ် ဖက်ဒရယ်ယူနစ်များ၌ နိုင်ငံရေးတန်းတူရည်တူရှိမှု အခြေခံဖြင့် ကိုယ်စားပြုမှုရှိ သော ဒေသခံနိုင်ငံရေးအင်အားစုများနှင့် အတူလက်တွဲ၍ ကြားကာလ အစီအမံများကို ရေးဆွဲ အ ကောင်အထည်ဖေါ်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးပမ်းဆောင်ရွက် လျက်ရှိ ဟု ဆိုသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၌ ထုတ်ပြန်ခဲ့သော တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့ အစည်းများနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီများ၏ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောက်ရေးအတွက် သဘောထားထုတ်ပြန်ကြေညာချက်ကို ကြိုဆိုကြောင်း NLD ပါ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် NLD ၏ ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များကို ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုထားပြီး မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသော ပြဿနာများဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ ပြေလည်ရေးလမ်းစမရရှိနိုင်ကြောင်း ဖော်ပြထားသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းတယ်ဆိုတာက နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးတာထက်ပိုပါတယ်။ ဒါက လူထုဂုဏ်သိက္ခာနဲ့ လူထုရဲ့ စိတ်ဆန္ဒကို စော်ကားလိုက်တာလို့ ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ လူထုထဲကနေ ပေါက်ဖွားလာတာဖြစ်တယ်။ လူထုက တညီတညွတ်တည်း ရွေးချယ်လိုက်တဲ့ နိုင်ငံတော်အစိုးရအဖြစ် အဖွဲ့ချုပ်က နိုင်ငံတော်တာဝန်ကို ထမ်းဆောင်တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက လက်နက်ကိုင်ထားရင် လုပ်ချင်တာလုပ်လို့ရတယ်ဆိုတဲ့ အကြမ်းဖက်စရိုက်ကို အပီအပြင် ပြသလိုက်တယ်လို့ ယူဆလို့ရပါတယ်။ လူထုရဲ့ ဆန္ဒကို ချေဖျက်လို့ရတယ်လို့ မြန်မာစစ်ခေါင်းဆောင်တွေ ယူဆနေကြတယ်။ ဒါဟာ ကျနော်တို့နိုင်ငံကို ဒုက္ခပေးတဲ့ စစ်အာဏာရှင် အတွေးအခေါ်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်” ဟု NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက​ ပြောဆိုသည်။

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီခေါင်းဆောင်များကို စစ်ကောင်စီက ဖမ်းဆီးထားသော်လည်း NLD ပါတီအနေဖြင့် ပြည်သူများနှင့်အတူ ဒီမိုကရေစီ ရရှိရေး၊ တရားမျှတမှုနှင့် လွတ်လပ်ခြင်းအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမေဝင်းမြင့် ကပြောဆိုသည်။

” ၁၉၄၈ ခုနှစ် လွတ်လပ်ရေးပြီးကတည်းက မြန်မာနိုင်ငံမှာ အရပ်သား အုပ်ချုပ်ရေး နှစ်ပေါင်း ၂၀ မျှသာရှိပြီး ကျန်အချိန်တွေက စစ်တပ်က အုပ်ချုပ်ခဲ့တာများပါတယ်။ လောကပါလ တရားများ ဆိတ်သုန်းနေခဲ့တဲ့အချိန်တွေများပါတယ်။ မြန်မာလူထုက တရားမျှတမှုနဲ့ လွတ်လပ်ခြင်းကို ရှာဖွေဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်” ဟု ဒေါက်တာမေဝင်းမြင့် က ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင်ကျရောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည် ထောင် ခြင်း ၃၆ နှစ် မြောက်အခမ်းအနားသို့ မိတ်ဖက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ နိုင်ငံ တကာသံတမန်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Agency။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article