26 C
Yangon

ပြည်ပရောက် မြန်မာနိုင်ငံသားများအားလုံး စစ်မှုထမ်းရန် မဖြစ်မနေ တာဝန်ရှိပြီး အမိမြေသို့ ပြန်လာစစ်မှုထမ်းနိုင်ရေး စီမံလုပ်ဆောင်နေဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

ပြည်ပရောက် မြန်မာနိုင်ငံသားများအားလုံး စစ်မှုထမ်းရန် မဖြစ်မနေ တာဝန်ရှိပြီး အမိန်မြေသို့ ပြန်လာ စစ်မှုထမ်းနိုင်ရေးအတွက် စစ်ကောင်စီက အစီအမံများ လုပ်ဆောင်နေသည်ဟု သိရှိထားကြောင်း တနင်္သာရီတိုင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းလိုက်သော ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ပြည်တွင်းပြည်ပ မည်သည့်နေရာတွင်မဆို ရောက်ရှိနေထိုင်နေသော မြန်မာနိုင်ငံသားမှန်သမျှသည် စစ်မှုထမ်းရန် အကျုံးဝင်ကြောင်း၊ ပြည်ပတွင် ရောက်ရှိနေသော မြန်မာနိုင်ငံတော်နိုင်ငံကူးလက်မှတ် ကိုင်ဆောင် ထားသော နိုင်ငံသားများအားလုံးသည် သတ်မှတ်ထားသော ဥပဒေနှင့်အကျုံးဝင်လျှင် စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ ထိုသို့ စစ်မှုထမ်းနိုင်ရေးအတွက်လည်း သက်ဆိုင်ရာ စစ်မှုထမ်းဆင့်ခေါ်ရေး (ဗဟို) အဖွဲ့က လိုအပ်သော အမိန့် ၊ ညွှန်ကြားချက်များကို ပြည်သူ့စစ်မှုထမ်းနည်းဥပဒေထုတ်ပြန်ပြီးပါက ကြေညာရန်ရှိနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ပြည်သူ့စစ်မှုထမ်းဥပဒေ စတင် အသက်ဝင်တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အမျိုးသား အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ်အထိ ရှိတဲ့ နိုင်ငံသားတိုင်းက စစ်မှုထမ်းဖို့ တာဝန်ရှိပါတယ်။ ဘယ်မှာပဲ ရောက်နေ ရောက်နေ စစ်မှုထမ်းဖို့ တာဝန်ရှိတယ်။ ပြည်ပ ရောက် မြန်မာတွေ စစ်မှုထမ်းဖို့က အမိမြေကို ပြန်လာရမှာပါ။ အဲဒီလို ပြန်လာဖို့လည်း ကျနော် သိသလောက်တော့ စီမံချက်တွေ လုပ်နေပါတယ်။ အဲဒါက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ပြဋ္ဌာန်းပြီးရင် ဆက်တိုက် ထွက် လာပါလိမ့်မယ်” ဟု တနင်္သာရီတိုင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ သ တင်း ရင်းမြစ်က ဆိုသည်။

လတ်တလော ရရှိထားသော သတင်းအချက်အလက်များအရ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ပြဋ္ဌာန်းပြီးလျှင် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးသောအခါ သက်တမ်းတိုးရန် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များထံမှ ထောက်ခံချက်ဖြင့်သာ သက်တမ်းတိုးခွင့်ပြုမည်ဆိုသော သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျက်ရှိကြောင်း၊ ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ကမူ အဆိုပါ သတင်းကို တစ်စုံတစ်ရာ မှတ်ချက်မပေးဘဲ အသေးစိတ် မပြောနိုင်သေးဟုသာ ပြောဆိုသည်။

“ကျနော်ပြောနိုင်တာက ပြည်ပရောက် မြန်မာတွေ အထူးသဖြင့် စစ်မှုထမ်းဖို့ အသက်အရွယ် အကျုံးဝင်သူတွေက စစ်မှုထမ်းရမှာပဲ။ ခုနက မေးသလို ဘယ် လိုလုပ်မယ်ဆိုတာက သက်ဆိုင်ရာ ဗဟိုအဖွဲ့က အမိန့်၊ ကြေညာချက်နဲ့ လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်လိမ့်မယ်။ အသေးစိတ်တော့ သက် ဆိုင်ရာက ထုတ်ပြန်ရင် သိပါလိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

၂၀၂၄ ခုနှစ် မေလမှ စတင်ဖွင့်လှစ်ခဲ့သော ပြည်သူ့စစ်မှုထမ်း စစ်သင်တန်းအပတ် စဉ်မှာ ယခု အောက်တိုဘာလတွင် အပတ်စဉ် ၆ ရောက်ရှိနေပြီး အပတ် စဉ်တိုင်း လိုအပ်သော အရေအတွက် မရရှိသဖြင့် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်၊ ရန်ကင်းရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် လူငယ်များ နိုင်ငံကူးလက်မှတ်လုပ်ရန် တိုးဝှေ့နေကြစဉ်။ (၂၀၂၂ ခုနှစ်အတွင်း ပုံဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်၊ ရန်ကင်းရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် လူငယ်များ နိုင်ငံကူးလက်မှတ်လုပ်ရန် တိုးဝှေ့နေကြစဉ်။ (၂၀၂၂ ခုနှစ်အတွင်း ပုံဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article