27 C
Yangon

ဘိုကလေးမြို့နယ်တွင် ထောင်ထွက်များ၊ လူမိုက်များနှင့် အရက်သမားများအပါဝင် ကြံ့ဖွတ်ပါတီဝင်များကို စစ် တပ်က စစ်သင်တန်းပေးနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့နယ်တွင် ထောင်ထွက်များ၊ လူမိုက်များနှင့် အရက်သမားများအပါဝင် ကြံ့ဖွတ်ပါတီ ဝင်များကို စစ်တပ်က စစ်သင်တန်းပေးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

စက်တင်ဘာလ လယ်ပိုင်းမှစတင်ပြီး အကြမ်းဖက်စစ်ကောင်စီက ဘိုကလေးမြို့နယ်အတွင်းရှိ ထောင်ထွက်များ၊ လူမိုက်များ၊ အရက်သမားများနှင့် ကြံ့ဖွတ်ပါတီဝင်များကို ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့အဖြစ် ဖွဲ့စည်းရန်အတွက် ဘိုကလေးမြို့တော်ခန်းမတွင် စစ်သင်တန်းတက်ခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်သင်တန်းပေးဖို့အတွက် အရွယ်အစုံပါပဲ။ အရင်တုန်းက ခိုးမှုနဲ့ ထောင်ကျဖူးသူ၊ ရိုက်မှုနဲ့ကျဖူးတာ၊ မုဒိမ်းမှုနဲ့ ထောင်ကျဖူးတဲ့သူတွေ ထောင်ထွက်တွေကို ခေါ်တယ်။ ရပ်ထဲရွာထဲ ခိုးဆိုးနှိုက်တဲ့ လူမိုက်တွေ၊ တစ်နေကုန်တစ်နေခမ်း မူးရူးနေတဲ့သူတွေ အကုန်လိုက်စုတာ။ အရွယ်ကောင်းလူငယ်တွေကလည်း မရှိတော့ဘူး။ အကုန် နိုင်ငံခြားထွက်သူက ထွက်၊ မြို့ပြတွေမှာ အလုပ်သွားလုပ်သူ လုပ်ကြတော့ ကျန်တဲ့လူမိုက် လူဆိုးတွေကိုပဲ စုပြီးဘိုကလေး မြို့တော်ခန်းမမှာ စစ်သင်တန်းပေးနေတယ်။ စစ်သင်တန်းပြီးရင် မြို့စောင့်တပ်ဖွဲ့ပေးမယ်ပြောတယ်” ဟု ဘိုကလေးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်သင်တန်းပြီးဆုံးပါက အဆိုပါ သင်တန်းဆင်း လူဆိုးလူမိုက်များကို စစ်တပ်က လက်နက်တပ်ဆင်ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာကျေးရွာများသို့လည်း စေလွှတ်ရန်ရှိကြောင်း ၊ စစ်သင်တန်းဆင်းများသည် လစာနှင့်ရိက္ခာလည်း ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဘိုကလေးမြို့နယ်အတွင်း စစ်မှုထမ်းအပတ်စဉ် ၆ အတွက် တပ်သားသစ်အရေအတွက် မပြည့်မီသဖြင့် ကျေးရွာများမှ လူငယ်များကို စစ်တပ်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း သိရှိရသည်။

“စစ်တပ်နဲ့ ရွာလူကြီးတွေနဲ့ပေါင်းပြီး လှေတွေ မော်တော်တွေ အတင်းလိုက်ရပ်ခိုင်းပြီး လူငယ်တွေကို ဆွဲချတာ။ တပ်သားသစ် လုပ်ခိုင်းဖို့လို့ပြောတယ်။ ဘိုကလေးမှာက လိုင်းမော်တော်တွေ(ရေယာဉ်လိုင်း) အမြဲရှိတယ်လေ။ အဲဒီတွေကနေ လူငယ်တွေကို ဖမ်းနေတာ။ တချို့ဆို ကျောင်းသားလေးတွေပဲရှိသေးတယ်။ အဲဒါ မိဘတွေကလည်း ဘယ်လိုက်ရမှန်းမသိဖြစ်နေကြတာ။ ပေါ်တာဆွဲတာက အရမ်းကိုဆိုးနေတာ” ဟု ဘိုကလေးမြို့နယ်အတွင်း ပြေးဆွဲနေသော ရေယာဉ်လိုင်းမှ မော်တော်မောင်းသူတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက ယခု အောက်တိုဘာတွင် စစ်မှုထမ်းအပတ်စဉ် ၆ ဖွင့်လှစ်ရန်အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ နိုင်ငံတစ်ဝန်းတွင် လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီက စစ်သင်တန်းပို့ချနေသည့်မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက်စစ်ကောင်စီက စစ်သင်တန်းပို့ချနေသည့်မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article