ရန်ကုန်မြို့တွင် အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု သပိတ်ပြုလုပ်
ရန်ကုန်၊ အောက်တိုဘာ ၅
ရန်ကုန်မြို့တနေရာတွင် အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုသပိတ်ပြုလုပ်ခဲ့ ကြောင်း မျိုးဆက်သစ် လူငယ် သပိတ်ကော်မတီ – NGYSC မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၅ ရက် နေ့တွင် ရန်ကုန်မြို့တွင်း တနေရာ၌ အကြမ်းဖက် စစ်အုပ်၏ မတရားဖိနှိပ်ခြင်းများနှင့် မတရားစစ်မှုထမ်း ဥပဒေ ဖျက်သိမ်းရေး၊ သန်းခေါင်စာရင်း ကောက်ယူခြင်း အပေါ် ကန့်ကွက်သည့်အနေဖြင့် “ဖိရင် ကြွမယ် ထိရင် ချမယ်” ဘန်နာ စာသားကို ကိုင်ဆောင်ကာ အကြမ်းဖက် စစ်အုပ်စု၏ သန်းခေါင်စာရင်းကောက်ယူရန် ကြော်ငြာထားသော ဗီနိုင်းနှင့် စာရွက်များ ကို မီးဖျက်ဆီးသည့် လှုပ်ရှားမှုဆောင်ခဲ့ကြောင်း သိရသည်။