30 C
Yangon

တောင်ငူ အမြန်လမ်းကြီး နှင့် ကျုံပျော်မြို့နယ်တွင် ရဲတပ်ဖွဲ့က အကြောင်းအမျိုးမျိုးပြ၍ လိုင်းကြေး၊ ဆက်ကြေးနှင့် ငွေကြေးများ ခြိမ်းခြောက် တောင်းခံနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမ၊ ဇီးပင်သာရဲကင်းစခန်းမှ ရဲအုပ်အောင်အောင်နှင့်ရဲတပ်ဖွဲ့ဝင်များက လိုင်စင်မဲ့ကားများ၊ နွားမှောင်ခိုကားများထံမှ လိုင်းကြေးနှင့် ဆက်ကြေးကောက်ခံပြီး သွားလာခွင့်ပြုလျက်ရှိသဖြင့် ကျေးရွာများမှ နွားများ မကြာခဏ ပျောက်ဆုံးလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

တောင်ငူမြို့နယ်အတွင်း ကျေးရွာများတွင် ကျွဲ၊ နွားများ မကြာခဏ ဆိုသလို ခိုးယူခံနေရပြီး ယင်းကျွဲနွားများကို သူခိုးဂိုဏ်းများက ခိုးယူကာ ကားဖြင့် သယ်ဆောင်၍ ကျွဲနွားမှောင်ခိုလုပ်ကြကြောင်း၊ အဆိုပါ ကျွဲနွားမှောင်ခိုဂိုဏ်းများက အမြန်လမ်းမကြီး၊ ဇီးပင်သာစခန်းမှူး ရဲအုပ် အောင်အောင်နှင့်ရဲတပ်ဖွဲ့ဝင်များကို တိုက်ရိုက်ချိတ်ထားပြီး ၎င်းတို့ ဖြတ်သန်းချိန်တွင် ငွေကြေးပေး ၍ ဖြတ်သန်းသွားလာကြကြောင်း၊ အလားတူပင် သစ်မှောင်ခိုသမားများကလည်း ဇီးပင်သာစခန်းမှ ရဲအုပ်အောင်အောင်နှင့်ရဲတပ်ဖွဲ့ဝင်များကို ချိတ်ဆက်၍ သစ်မှောင်ခို ခိုးထုတ်နေကြကြောင်း သိရှိရသည်။

“အမြန်လမ်းမကြီး ဇီးပင်သာစခန်းမှူး ရဲအုပ်အောင်အောင်နဲ့ ရဲတပ်ဖွဲ့က လိုင်စင်မဲ့ကားတစ်စီးကို ၁သိန်းနဲ့ ပေးဖြတ်တယ်။ အဲဒါက ပြဿနာမဟုတ်ပါဘူး။ အဓိက နွားမှောင်ခိုကားတွေကို တစ်စီးကို ၇ သောင်းနဲ့ ပေးဖြတ်တာ။ အဲဒီပတ်ဝန်းကျင်က ကျွဲနွားတွေ မကြာခဏ ပျောက်ဆုံးနေတယ်။ သစ်မှောင်ခိုးကားတွေကိုလည်း ၁ စီးကို ၁ သိန်းနဲ့ ပေးဖြတ်တယ်။ အဲဒါက တွင်တွင်ကျယ်ကျယ်ကို ဖြစ်နေတာ။ ဘယ်သူမှလည်း တားဆီးအရေးမယူပါဘူး။ တိုင်တာလည်း ဘာမှ ထူးမလာဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ရေစခန်းကျေးရွာ ရဲကင်းမှူး ရဲအုပ် ရဲလွင်ဦး၊ ရဲတပ်သား သက်ပိုင်စိုး တို့က ကျွဲတလင်း ကျေးရွာ၊ အိုင်မကျေးရွာ၊ မိုးကြိုးပစ်ကျးရွာတို့တွင် ဆိုင်ကယ်များကို ဖမ်းဆီးကာ အတင်းအကျပ် ငွေကြေးတောင်းခံမှုများ လုပ်ဆောင်နေကြောင်း၊ ထို့ပြင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေကြေးတောင်းခံမှုများလုပ်ဆောင်နေကြောင်း၊ ရဲများနှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ပြည်သူများထံမှ အကြောင်းအမျိုးမျိုးပြ ငွေကြေးတောင်းခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျွဲတလင်းကျေးရွာက အုပ်ချုပ်ရေးမှူး သန်းထွန်းနဲ့ မီးကော်မတီ အဖွဲ့ဝင်လည်းဖြစ် ရာအိမ်မှူးလည်းဖြစ်တဲ့ စစ်ထွက်မောင်ချို ၊ ကြည်ဆွေတို့နဲ့ လည်းပေါင်းပြီး ကျွဲတလင်းကျေးရွာက ဒေသခံတွေ စစ်မှုအတင်းအကျပ်ထမ်းရမယ်ဆိုပြီး ငွေတွေ ခြိမ်းခြောက်တောင်းတယ်။ တကယ်တော့ ရဲအုပ် ရဲလွင်ဦးက ကျွဲတလင်း ရွာသားပါပဲ။ အုပ်ချုပ်ရေးမှူး သန်းထွန်းက အရင်က ကြံဖွတ် ကပါ။ စစ်မှုထမ်းမထမ်းချင်ရင် တစ်အိမ် ၄ သိန်းနဲ့ ရွာမှာရှိတဲ့ အိမ်အကုန်လုံးဆီက ငွေလိုက်တောင်းတာ။” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ထို့ပြင် ကျေးရွာတွင် လျှပ်စစ်မီးလင်းရေး လုပ်မည်ဟု အကြောင်းပြကာ လျှပ်စစ်မီတာတစ်လုံးလျှင် ငွေကျပ် ၈ သိန်းတောင်းခံကြောင်း၊ ကျေးရွာများတွင် အကြောင်းအမျိုးမျိုးပြ၍ ရဲနှင့်အုပ်ချုပ်ရေးအဖွဲ့က ငွေကြေး ခြိမ်းခြောက်တောင်းခံနေသဖြင့် ပြည်သူများ ဒုက္ခရောက်နေရကြောင်း သိရှိရသည်။

“လျှပ်စစ်မီးလင်းရေးနဲ့ မီတာပေါက်ရမယ်ဆိုပြီး တစ်အိမ် ၈ သိန်းကောက်တယ်။ စစ်မှုမထမ်းရအောင် လုပ်ပေးမယ်ဆိုပြီး တစ်အိမ်ကို ၄ သိန်းကောက်တယ်။ ဟိုခေါင်းစဉ် ဒီခေါင်းစဉ်တပ်ပြီး ရွာမှာ ငွေပဲ ကောက်နေတာ။ ပြည်သူတွေမှာလည်း အဆင်မပြေတဲ့ကြားက ရှာဖွေပေးနေရတာ အတော်ကို ဒုက္ခရောက်နေရတယ်” ဟု ဒေသပြည်သူက ဆက်လက်ပြောဆိုသည်။

အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးကောက်ခံမှုများအတွက် သက်ဆိုင်ရာ မြို့နယ်နှင့်တိုင်းအဆင့်ဆင့်သို့ တိုင်ကြားသော်လည်း အရေးယူမှုမရှိဘဲ အခြေအနေ ပိုဆိုးလာကြောင်း၊ တိုင်တန်းသူများကိုပါ ရဲနှင့်အုပ်ချုပ်ရေးအဖွဲ့က ဓားကြိမ်းကြိမ်းလာကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article