စစ်တွေထောင်မှ ပုသိမ်ထောင်သို့ ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားအပါအဝင်အကျဉ်းသား ၃၅၁ ဦး စားသောက်နေထိုင်ရေး ခက်ခဲ၊
မကွေးထောင်တွင် ဒေါက်တာဇော်မြင့်မောင် ကျဆုံးမှု ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာက အရေးယူပေးရန် တောင်းဆိုလှုပ်ရှား
ရန်ကုန်၊ အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားများ ၃၅၁ ဦးသည် ပုသိမ်အကျဉ်းထောင်သို့ ပို့ဆောင်ခံရပြီးနောက် စားသောက်နေထိုင်ရေး ခက်ခဲနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
စစ်တွေထောင်မှ အကျဉ်းသားများသည် အောက်တိုဘာလ ၁၀ရက်နေ့ ညနေပိုင်းအချိန် ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်သို့ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၃၅၁ ဦး ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“အောက်တိုဘာလ ၁၀ ရက်နေ့က ရောက်တယ်။ထောင်ပြောင်းဆိုပြီး အကျဉ်းသားပိုင် ပစ္စည်းနဲ့အစားအသောက်တွေကို သယ်ယူခွင့် အချိန်မပေးတဲ့အတွက် အကျဉ်းသားတွေ စားသောက်ရေး အတော်လေးခက်ခဲနေကြတယ်။နောက်ပြီး တိုက်ပွဲကာလအတွင်းမှာ ရခိုင်ပြည်နယ်က အကျဉ်းသားမိသားစုဝင်တွေအနေဖြင့်လည်း ပါဆယ်ပို့ဖို့ အခက်အခဲတွေရှိကြတော့ အစားအသောက်ပါဆယ်တွေမရတာလည်း ကြာနေပြီ။ အခုဆိုပါဆယ်ပို့ဆောင်ဖို့ ပိုပြီးခက်ခဲသွားတဲ့အခြေအနေပါ ကြုံတွေ့နေကြရတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကျဉ်းသားများ ကူညီထောက်ပံ့မှု လုပ်ဆောင်လိုသူများအနေနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ တစ်ဆင့် ငွေကြေးပျောက်ဆုံးမှုမရှိစေဘဲ ထိရောက်စွာ ကူညီပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မကွေးတိုင်း၊ မကွေးမြို့ရှိ အကျဉ်းထောင်တွင် NLD ပါတီ ဒုဥက္ကဌ ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျဆုံးခြင်း အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာက အရေးယူပေးရန် တောင်းဆိုလှုပ်ရှားကြကြောင်း သိရှိရသည်။
အောက်တိုဘာလ ၇ ရက် နံနက် ၃ နာရီခန့်တွင် NLD ပါတီ ဒုဥက္ကဌ ဒေါက်တာဇော်မြင့် မောင် ကွယ်လွန်ခြင်းပတ်သက်၍ မကွေးအကျဉ်း ထောင်အတွင်း၌ အကျဉ်းချခံထားရသော နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူများက အောက်တိုဘာလ ၈ ရက်နေ့မှ အောက်တိုဘာလ ၁၂ ရက်နေ့အထိ မိမိတို့ ယုံကြည်ရာ ဘာသာတရားအလိုက် ဝတ်ပြုဆုတောင်းခြင်းများနှင့် ဗုဒ္ဓဘာသာတို့၏ ထုံးတမ်း အစဉ်အလာအရ ကွယ်လွန်သူ ဒေါက်တာဇော်မြင့်မောင်အား အထူးရည်စူး၍ မေတ္တာပို့ အမျှပေးဝေ ခြင်းများကို ည ၈ နာရီအချိန် လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာလ ၈ ရက်နေ့စ၍ မကွေးထောင်တွင် တန်းဖွင့် ၊ တန်းပိတ်ချိန်ဖွင့် လူစာရင်းစစ်ချိန်တွင် အကျဉ်း ထောင်မှ ချမှတ်ထားသည့် “မင်္ဂလာပါ” ဟူသော စကားရပ်ကို ပြော ဆိုခြင်းကို လုံးဝ (လုံးဝ) ရပ်ဆိုင်းခြင်း၊ အောက်တိုဘာလ ၉ ရက်နေ့မှစ၍ အောက်တိုဘာလ ၁၂ ရက်နေ့အထိ ဒေါက်တာဇော်မြင့်မောင်အတွက် ပရိတ်ရွတ်ဖတ်ခြင်း၊ ပဌာန်း ဒေသနာ တောင် ရွက်ဖတ်ခြင်း ၊ မေတ္တာပို့အမျှဝေခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။
အလားတူ မကွေးထောင်အတွင်း နေ့စဉ်အလိုက် ကဗျာရွတ်ဖတ်ခြင်းများ၊ Silent Strike ပြလုပ်ခြင်းများ အပြင် အောက်တို ဘာလ ၁၂ ရက် နံနက် ၉ နာရီ နာရီအချိန်ဒေါက်တာဇော်မြင့်မောင်အား ရည်စူး၍ နိုင်ငံရေး အကျဉ်း သား ဘုန်းတော်ကြီးများ ပင့်ဖိတ်ကာ ရက်လည်ဆွမ်းကပ်ခြင်းနှင့် ပရိတ်တရားနာကြားခြင်း၊ မေတ္တာ ပို့အမျှဝေခြင်း၊ ညနေ ၃ နာရီအချိန် ကွယ်လွန်သူ ဒေါက်တာဇော်မြင့်မောင် အတွက် အောက်မေ့ ဖွယ်အခမ်းအနားပြုလုပ်ခြင်း၊ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအပေါ် ‘ဝမ်းနည်းကြောင်း သဝဏ်လွှာ’ ပေးပို့ခြင်းနှင့် သဘောထားထုတ်ပြန်ချက် ကြေညာခြင်းတို့ကို လှုပ်ရှားပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
အကျဉ်းကျခံနေရစဉ် ဒေါက်တာဇော်မြင့်မောင် အနေဖြင့် အကျဉ်းထောင်အတွင်း လုံလောက်သည့် ကျန်းမာရေး ကုသမှု မရရှိခြင်း၊ ခေတ်မီစက်ကိရိယာများနှင့် ဆေးဝါးများမရှိခြင်း ၊ ပြင်ပဆေးရုံတွင် မဖြစ် မနေ တက်ရောက်ကုသရန် လိုအပ်သော်လည်း အကြောင်းအမျိုးမျိုးပြ၍ ဆေးဝါးကုသခွင့် ငြင်း ပယ်ခံခြင်း၊ အကျဉ်းထောင်အတွင်း ကိုယ်စိတ်နှလုံး ဆင်းရဲစေရန် ဖိနှိပ်ခံရခြင်းတို့ကြောင့် သေဆုံးခဲ့ ရခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါကြောင်း မကွေး အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများက သဘောထား ကြေညာချက်ထုတ်ပြန်သည်။
ဒေါက်တာဇော်မြင့်မောင် စတင်ဖမ်းဆီးခံချိန်မှစ၍ သေဆုံးချိန်အထိ ကိစ္စအလုံးစုံကို စစ်အာဏာရှင် မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်ကောင်စီမှ အပြည့်အဝတာဝန်ခံရမည်ဖြစ်သည့်အပြင် ဒေါက်တာ ဇော်မြင့်မောင်သေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားအားလုံးမှ ပြင်းထန်စွာ တုံ့ပြန်သွား မည်ဖြစ်ကြောင်း၊ ထို့ပြင် အကျဉ်းထောင်အသီးသီးတွင် မတရား အကျဉ်းချခံနေရသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ NLD နာယက ဦးဝင်းထိန် ၊ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်များ ၊ဝန်ကြီးများ၊ ရွေးကောက်ခံကိုယ်စားလှယ်များ ၊ နိုင်ငံ ရေး အကျဉ်းသားများအားလုံး၏ မည်သည့်ကိစ္စရပ်မဆို အကြမ်းဖက်စစ်ကောင်စီက တာဝန်ခံရမည် ဖြစ်ကြောင်း မကွေးထောင်မှ နိုင်ငံရေးအကျဉ်းသားများ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ် ၊ ဥရောပသမဂ္ဂ ၊ အာဆီယံအဖွဲ့ နှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများအားလုံးအနေဖြင့် ဒေါက်တာဇော်မြင့်မောင် ကျဆုံးခဲ့ရခြင်းအတွက် အကြမ်းဖက်စစ်ကောင်စီကို ထိထိရောက် ရောက် အရေးယူပေးပါရန် မကွေးထောင်မှ နိုင်ငံရေးအကျဉ်းသားများက တိုက်တွန်းတောင်းဆိုထားသည်။
ဓာတ်ပုံ- ပုသိမ်အကျဉ်းထောင်။ (ပုံအဟောင်းဖြစ်ပါသည်။)