မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှုအပေါ် NUG က ကန့် ကွက် ရှုံ့ချပြီး စစ်အုပ်စုက အမျိုးသားရေး လှုပ်ရှားမှု အမည်ခံ၍ တရုတ်ဆန့် ကျင်ရေး လုပ်ဆောင်ခဲ့ခြင်းနှင့် တရုတ်-မြန်မာပဋိပက္ခ လက်သည် တရားခံဖြစ်ခဲ့ဟု သတိပေး
လတ်တလော မြို့သိမ်းနှင့်တပ်စခန်းသိမ်းတိုက်ပွဲများမှာ တရုတ်လက်ချက်ဟု မဘသများ၊ အမျိုးသားရေးအစွန်းရောက်များနှင့် ပျူစောထီးများ ကောက်ချက်ချ ဝေဖန်မှုများ ပြင်းထန်လာ
ရန်ကုန်၊ အောက်တိုဘာ ၂၀
မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ကန့်ကွက်ရှုံ့ချလိုက်ပြီး အကြမ်း ဖက် စစ်အုပ်စုက အမျိုးသားရေး လှုပ်ရှားမှု အမည်ခံ၍ တရုတ်ဆန့်ကျင်ရေး လုပ်ဆောင်ခဲ့ခြင်းနှင့် တချိန်တခါက တရုတ်-မြန်မာပဋိပက္ခ လက်သည်တရားခံဖြစ်ခဲ့ကြောင်း သတိပေးချက် ထုတ်ပြန်သည်။
ယမန်နေ့ ထုတ်ပြန်သော NUG ၏ ကြေညာချက်တွင် အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်း မန္တလေးမြို့ရှိ တရုတ် ကောင်စစ်ဝန်ချုပ်ရုံးကို ပစ်ခတ်မှုဖြစ်ပွားခဲ့မှုအပေါ် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်လုပ်ရပ်များ၊ အကာအကွယ်ပေးရမည့် သံတမန်ဆိုင်ရာအဆောက်အအုံကို တိုက်ခိုက် သည့်လုပ်ရပ်များကို ကန့်ကွက်ရှုံ့ချကြောင်း ကြေညာသည်။
အဆိုပါတိုက်ခိုက်မှုဖြစ်ရပ်ကြောင့် လူမျိုးရေးအမုန်းတရားပဋိပက္ခ ဖြစ်ပွားမည်ကို အထူးပင်စိုးရိမ်မိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေမည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အစဥ်တစိုက်ဆန့်ကျင်သွားမည်ဖြစ်ကြောင်း၊
အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၁ ခုနှစ် ဧပြီလကတည်းက အိမ်နီးချင်းနိုင်ငံများ အပေါ်သဘောထားကြေညာချက်ကို ထုတ်ပြန်ထားသကဲ့သို့၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်စပ်လျဥ်းသည့်မူဝါဒကို ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ထုတ်ပြန်ထားသည့် မူဝါဒသဘောထားများအတိုင်း ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း NUG က အသိပေးကြေညာ သည်။
အကြမ်းဖက်စစ်အုပ်စုက အမျိုးသားရေးလှုပ်ရှားမှု အမည်ခံ၍ တရုတ်ဆန့်ကျင်ရေး ဆန္ဒ ပြပွဲများ၊ ဆန့်ကျင်လှုပ်ရှားမှုများ ဆောင်ရွက်နေသကဲ့ သို့ တချိန်တခါက တရုတ်-မြန်မာပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် လက်သည်တရားခံဖြစ်ကြောင်းကိုလည်း ထပ်လောင်းသတိပေးလိုကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သဘောထားမတူကွဲပြားမှုများ ရှိခဲ့ပါကလည်း သံတမန်နည်းအရ ညှိနှိုင်းဆွေးနွေးအဖြေရှာသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်သကဲ့သို့၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံအားလုံးနှင့် ချစ်ကြည်ရေး၊ ကောင်းမွန်သောဆက်ဆံရေး၊ ပြည်သူ အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးကိုသာ အစဥ်တစိုက်ဦးတည်သွားမည်ဖြစ်ပြီး၊ အိမ်နီးချင်းနိုင်ငံများ ၏ပုံရိပ်ကို ထိခိုက်စေမည့် ကိစ္စရပ်များ၊ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဖြစ်ပွားစေမည့် ကိစ္စရပ်များ၊ ဆောင်ရွက်ချက်များကို ကန့်ကွက် ရှုံ့ချကြောင်း NUG က ကြေညာသည်။
အကြမ်းဖက်စစ်ကောင်စီက တရုတ်နိုင်ငံ၏ အသိအမှတ်ပြုမှုနှင့် ထောက်ခံမှု ရရှိရေး အစွမ်းကုန်ကြိုးစားနေသော်လည်း အောက်ခြေတွင်မူ ပျူစောထီးများ၊ မဘသများနှင့် အမျိုးသားရေးအစွန်းရောက်များက ရှမ်းမြောက်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော မြို့သိမ်းတိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများမှာ တရုတ်နိုင်ငံက KIA အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကို နောက်ကွယ်မှ မြှောက်ပင့်ပေး ထောက်ပံ့နေခြင်းကြောင့် ဖြစ်သည်ဟုဆိုကာ ဝေဖန်မှုများ ပိုမိုမြင့်တက်လာနေကြောင်း စုံစမ်းသိရှိရသည်။
“လက်ရှိ တပ်ချုပ်ကြီးက ဘယ်လိုမှ အဆင်မပြေတော့ဘူး။ တရုတ်ကြီးက နောက်က ပါနေတာကို သိရက်နဲ့ မာမာထန်ထန်မတုံ့ပြန်ဘဲနဲ့ အောက်ကျို့နေတာကို အားမရကြဘူး။ တပ်မတော်သားတွေ ရှေ့တန်းမှာ အသက်တွေပေးပြီး မြို့တွေ စခန်းတွေ အသိမ်းခံနေရတယ်။ ဒါပေမယ့် တပ်ချုပ်ကြီးက တရုတ်ကိုလည်း ငြိမ်ခံတယ်၊ တရုတ်ကြီးမြှောက်ပေးတဲ့ အဖွဲ့တွေကိုလည်း ငြိမ်ခံနေရတယ်ဆိုပြီးတော့ ဝေဖန်မှုတွေကတော့ ပိုပြီး ပြင်းထန်လာပါတယ်။ ဒီအခြေအနေတွေ ရောက်လာတာ တပ်ချုပ်ကြီး ပျော့ညံ့လို့ တရုတ်ကို မာမာထန်ထန်မတုံ့ပြန်လို့ဆိုတာ အဖွဲ့တွေကြားမှာ ဆွေးနွေးဖြစ်ကြတယ်။ အခုနောက်ဆုံး ပန်ဝါကျသွားတယ်။ နပခ ကျတော့မယ် ” ဟု မန္တလေးအခြေစိုက် အမျိုးသားရေးအဖွဲ့များနှင့် ချိတ်ဆက်ထားသော လူမှုကူညီရေးအဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ဓာတ်ပုံ- ဩဂုတ်လအတွင်း ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့နှင့် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ။