ကနီ၊ ချောင်းမရွာကို စစ်လေယာဉ်များက ပေါင်၅၀၀ဗုံးကျဲချမှုကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ၊ ဘုတလင်နယ်တွင်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်နေ
ရန်ကုန်၊ အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို စစ်လေယာဉ်များက ပေါင် ၅၀၀ ဗုံးများ ကျဲချမှုကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမအရှေ့ရွာကို စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးများကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ရွာ ရဲ့ တောင်ဘက် ပဲစိမ်းငုံစိုက်ခင်းထဲကို ကျဲသွားတာလေ။ ဘာကြောင့်ကျဲချတာလဲ ဆိုတော့ ကနီတာဝါတိုင်စခန်းဘက်မှာတော့ စစ်တပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တွေ မနေ့က တိုက်ပွဲဖြစ်တာရှိတယ်။ အဲဒီတိုက်ပွဲကို ပုလဲ၊ယင်မာပင်၊ဆားလင်းကြီးမြို့ဘက်က PDFတွေစစ်ကူသွားမယ်အထင်နဲ့ ဗုံးကျဲတာဖြစ်နိုင်တယ်။ ဗုံးကျဲမှုကြောင့် အသက်၅နှစ်ရွယ်နဲ့ အသက် ၈နှစ်အရွယ်ကလေးငယ် ၂ ဦးအပါဝင်ပြည်သူ၄ဦးဗုံးစထိမှန်ခဲ့တယ်။ ဗုံးစထိပြီး ဒဏ်ရာရသူတွေကတော့ ကိုလင်းလင်းဇော် အသက် ၃၉နှစ် လက်ထိခိုက်တယ်။ မထားထားလှိုင်အသက် ၃၁ နှစ်ဦးခေါင်း၊ခါး၊လက်ကျိုးတယ်။ ကလေး ၂ ဦးကတော့ မစိုးရိမ်ရဒဏ်ရာရတယ်လိုသိထားရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ထို့ပြင် ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ဘုတလင်မြို့နယ်၊ သခွတ္တနယ်ဘက်တွင် စစ်လေယာဥင်္များဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်၏ ဗုံးကျဲ Y12 လေယာဉ်တစ်စီး။