ပခုက္ကူမြို့နယ်၊ ကမ္မမြို့မ ရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်
ရန်ကုန်၊ အောက်တိုဘာ ၂၈
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့မ ရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KAMMA Underground People Defense Force ကမ္မတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ ည ၉ နာရီခန့်တွင် ကမ္မမြို့၊ ကမ္မရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦး သည် Kamma Underground People’s Defense Force (ကမ္မတပ်ပေါင်းစု) တပ်ဖွဲ့ထံသို့ ချိတ်ဆက်ကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်ရောက်လာသော ရဲဒု တပ်ကြပ် မောင်ချစ်နိုင်ဦးသည် G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည် ၉၃ တောင့်၊ ဖုန်း ၁ လုံးတို့ ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် အလင်းဝင်လာသော ရဲဒုတပ်ကြပ် မောင်ချစ်နိုင်ဦးကို ဆုကြေးငွေများ ချီးမြှင့်၍ လွတ်မြောက်နယ်မြေ တစ်နေရာကို ပို့ဆောင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တပ်သားများ၊ ရဲများနှင့် ပျူစောထီးများအနေဖြင့် ကမ္မတပ်ပေါင်းစု ထံ အလင်းဝင်ရောက်နိုင်ပြီး အချိန်မရွေး ကြိုဆိုလျက်ရှိကြောင်း KAMMA Underground People Defense Force မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။