29 C
Yangon

နေပြည်တော်၊ ပျဉ်းမနားနှင့် ဧရာ၀တီတိုင်း အိမ်မဲမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၇ အကြောင်း ပြ၍ ငွေကြေးများ အတင်းအကျပ် ခြိမ်းခြောက်တောင်းနေ၊ ပြည်မြို့ မှော်ဇာအုပ်ချုပ်ရေးမှူး အေးထွန်း အလွန်ရမ်းကားလာဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

နေပြည်တော်၊ ပျဉ်းမနားနှင့် ဧရာ၀တီတိုင်း အိမ်မဲမြို့နယ်တို့တွင် လာမည့် နိုဝင်ဘာလတွင် ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၇ အတွက် အကြောင်း ပြ၍ ငွေကြေးများ အတင်းအကျပ် တောင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နေပြည်တော် ပျဥ်းမနားမြို့နယ်၊ သစ်တွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းဘိုက စစ်မှုထမ်းအပတ်စဉ် ၇ တွင် တာဝန်ဆောင်မည့် တပ်သားသစ် စစ်မှုထမ်းများကို ထောက်ပံ့ရန်အတွက်ဟုဆိုကာ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၃၀၀၀၀ ပေးရမည်ဟု တောင်းခံလာကြောင်း၊ လစဉ်လတိုင်း တောင်းခံသည့်ငွေကြေးမှာ ပမာဏ တဖြည်းဖြည်း များပြားလာနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“လစဉ်လတိုင်း လကုန်ရက်ဆိုတာနဲ့ စစ်မှုထမ်းတပ်သားသစ်တွေအတွက်ဆိုပြီး ငွေညှစ်ခံနေရတယ်။ တစ်အိမ်ကို ငွေ ၃၀၀၀၀ မဖြစ်မနေပေးရမယ်။ သူက စစ်တပ်နဲ့ အဲဒီငွေကို ခွဲဝေယူတာ။ ပျဉ်းမနားမြို့နယ် သစ်တွန်ကျေးရွာအုပ်စုမှာ ရွာပေါင်း ၁၁ ရွာရှိတယ်။ လူဦးရေ ၇၀၀ နဲ့ အိမ်ခြေ ၃၀၀ လောက်ရှိပါတယ်။ ကျနော်တို့ ကျေးရွာအုပ်စုက တောင်တန်းဒေသလိုဖြစ်နေတာပါ။ လတိုင်း လတိုင်း ငွေကောက်နေတာ။ မပေးလို့လည်း မရဘူး။ လူတွေမှာ စားစရာမရှိရင်တောင် လစဉ် အုပ်ချုပ်ရေးမှူးတောင်းတဲ့ငွေကို မရှိ ရှိအောင် ရှာနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဧရာ၀တီတိုင်း၊ အိမ်မဲမြို့နယ်၊ ရွှေဘိုရေကျော်ကျေးရွာ၊ မွေချောင်းကျေးရွာ၊ စိုက်ပျိုးကျေးရွာတို့တွင်လည်း စစ်မှုမထမ်းရရေးအတွက်ဟုဆိုကာ တစ်အိမ်လျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး စိုးကြည်က ကောက်ခံလျက်ရှိကြောင်း ၊ ရာအိမ်မှူး ကျော်စိုးဦးဆိုသူကလည်း အုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်း၍ မွေချောင်းကျေးရွာရှိ ပြည်သူများထံမှ ငွေကြေးများ ခြိမ်းခြောက်တောင်းခံနေကြောင်း သိရှိရသည်။

“ရာအိမ်မှူး ကျော်စိုးဦး အရက်ရောင်းတယ်။ စစ်မှုမထမ်းချင်ရင် တစ်အိမ် ငွေ ၅၀၀၀၀ ဆိုပြီး လိုက်တောင်းတယ်။ ပြီးတော့ တချို့ရွာက ကလေးတွေလည်း ပေါ်တာဆွဲခံရသလိုလို အဖမ်းခံရသလိုလိုနဲ့ တပ်ထဲရောက်သွားတာတွေလည်းရှိတယ်။ ဒီအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က တစ်အိမ်ကို ငွေ ငါးသောင်း ကောက်ပြီး ဘာတွေ သုံးပစ်လိုက်လဲ မသိရဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့အတူ ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ငွေကြေးကောက်ခံမှုအကြောင်း ဖော်ပြခဲ့ပြီးဖြစ်သော ပြည်မြို့၊ မှော်ဇာအုပ်ချုပ်ရေးမှူး အေးထွန်းမှာ ပို၍ ပင် အခြေအနေဆိုးဝါးလာပြီး ငွေကြေးကောက်ခံမှုတင်မကတော့ဘဲ ရာဇဝတ်မှုများ၊ ပြည်သူများကို ခေါ်ယူ၍ အနိုင်ကျင့် ရိုက်နှက်မှုများဖြင့် အလွန်ဆိုးရွားလာနေကြောင်း သိရှိရသည်။

” ပြည်မြို့ မှော်ဇာအုပ်စု အုပ်ကြီး အေးထွန်းက စစ်သားတွေ၊ သူ့ နောက်လိုက်ခွေးတွေနဲ့ ဂျင်ဝိုင်း ဖဲဝိုင်းတွေ ပြည့်တန်ဆာတွေ မယားငယ်တွေနဲ့ပျော် မြူး လိုက်။ ပြည်သူဆီက ဆက်ကြေး တအားကောက်တယ်။ လုပ်စားတာတွေအရမ်းများတယ်။ သူနဲ့ရှယ်ယာလုပ် ပီး ကြံဖွတ်ပါတီဝင် စိန်ထွန်းနဲ့ အုတ်ရိုက်စက်တွေထောင်ပြီး စီးပွားရေးလုပ်တယ်။ လူငယ်တွေ မထင်ရင် မထင်သလို ရပ်ကွက်ရုံးခေါ်ပြီး ရိုက်နှက်တယ်။ သူခိုင်းတာမလုပ်ရင် စစ်မှုထမ်းထဲထည့်မယ်ခြိမ်းခြောက်တယ်။ ရာဇ ဝတ်မှုပေါင်းစုံ လုပ်လာတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်မှုထမ်းအပတ်စဉ် ၆ အတွက် စုဆောင်းခံရသည့် လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်းအပတ်စဉ် ၆ အတွက် စုဆောင်းခံရသည့် လူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article