အွန်လိုင်းငွေလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု အပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေ
ရန်ကုန်၊ အောက်တိုဘာ ၃၀
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အွန်လိုင်းငွေလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့်နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာ ကျူးလွန်နေသော ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ကို ဥရောပသမဂ္ဂက ဒဏ်ပိတ်ဆို့အရေးယူလိုက်ကြောင်း EU က တရားဝင် သတင်းထုတ်ပြန် ကြေညာသည်။
အောက်တိုဘာလ ၂၉ ရက်နေ့တွင် မြန်မာစစ်ကောင်စီနှင့် ဆက်နွယ်နေသည့် နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူ ၃ ဦးနှင့်ကုမ္ပဏီ ၁ ခုကို EU က ထိုသို့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ခြင်းဖြစ်ကြောင်း၊ အရေးယူလိုက်သူများသည် မြန်မာလူထုနှင့် ဒေသတွင်းရှိ အခြားနိုင်ငံများမှ နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်မှုများနှင့်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း သိရှိရသည်။
EU ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ခံလိုက်ရသော မြ၀တီမြို့နယ်မှ ချစ်လင်းမြိုင်အုပ်စု (CLM) နှင့် တည်ထောင်သူ ဥက္ကဌ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး စောချစ်သူ တို့သည် ရွှေက္ကိုလ်မြို့ အပါအဝင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်း လိမ်လည်လှည့်စားသည့် အွန်လိုင်းလိမ်လည်မှုများစွာ လုပ်ဆောင်နေသော အသိုက်အဝန်းများမှ ငွေကြေးအရ အမြတ်အစွန်းရနေကြောင်း၊ ဗိုလ်မှူးကြီး စောချစ်သူ၏ ပိုက်နက်နေရာများတွင် အွန်လိုင်း လိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများအတွက် အချက်အချာနေရာဖြစ်ပြီး အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများ အပါအဝင် ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားနေကြောင်း၊ ထို့ပြင် ချစ်လင်းမြိုင်ကုမ္ပဏီက အကြမ်း ဖက် စစ်ကောင်စီနှင့် နီးကပ်စွာ ဆက်စပ်နေပြီး စစ်တပ်ကို ဆန့်ကျင်နေသူများ၏ သတင်းများကို ပေးပို့ခြင်း၊ စစ်သားစုဆောင်းခြင်းများတွင် ပါဝင်ပတ်သက်နေကြောင်း သိရှိရသည်။
ထို့ပြင် စောချစ်သူအပြင် ဒုတိယဗိုလ်မှူးကြီး မုတ်သုန်နှင့် ဗိုလ်မှူးတင်ဝင်းတို့ကိုလည်း EU ကဒဏ်ခတ်ပိတ်ဆို့ထားကြောင်း ၊ ဒုဗိုလ်မှူးကြီး မုတ်သုန်နှင့် ဗိုလ်မှူးတင်ဝင်းတို့မှာလည်း မြဝတီမြို့အနီးရှိ ရွှေက္ကိုလ်၊ KK Park Project နှင့် Huanya Project ကဲ့သို့သော အွန်လိုင်းလိမ်လည်မှု ဗဟိုစင်တာများအတွက် အလုပ်လုပ်နေကာ အွန်လိုင်းလိမ်လည်လှည့်စားမှုများမှ အကျိုးအမြတ်များ ရရှိနေကြောင်း သိရှိရသည်။
EU အနေဖြင့် မြန်မာနိုင်ငံအတွင်း ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တိုင်းပြည်နှင့်ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ပိုမိုခြိမ်းခြောက်နေသည့် အွန်လိုင်းလိမ်လည်မှုများ၏ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းရန် သန္နိဋ္ဌာန်ကို ပြသသည့်အနေဖြင့် အရေးယူမှုများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် EU က မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ် ၁၀၆ ဦးနှင့် အဖွဲ့အစည်း ၂၂ ခုတို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူထားပြီး EU သို့ ခရီးသွားလာခွင့် ပိတ်ပင်ထားကြောင်း၊ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဆက်လက် တိုးမြင့်လာမှုနှင့် ဒေသတွင်း သက်ရောက်မှုများ၊ နှစ်ရှည်လများ ပဋိပက္ခများဆီသို့ ဆင့်ကဲ ပြောင်းလဲမှုများကြောင့် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်ကြောင်း၊ စစ်ကောင်စီ၏ ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို အီးယူက ရှုတ်ချကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar