33 C
Yangon

အမေရိကန် ပြည်သူ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၄ ခုနှစ် ညီလာခံတွင် မြန်မာ့နွေဦးတော်လှန်ရေး ကျန်း မာရေး သူရဲကောင်းများနှင့် NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနကို The Edward Barsky Award ဆု ချီးမြှင့်

Must read

ရန်ကုန်၊ အောက်တိုဘာလ ၃၁

အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၄ ခုနှစ် ညီလာခံတွင် မြန်မာ့နွေဦးတော်လှန်ရေး ကျန်း မာရေးသူရဲကောင်းများနှင့် NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအား The Edward Barsky Award ဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ်က ဥပဒေမဲ့ စစ်အာဏာသိမ်းရန် ကြိုးပမ်းပြီး နောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) တွင်ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ အခြားကျန်းမာရေးလုပ်သားများနှင့် ပြည်သူ့အခြေပြု ကျန်းမာရေးအဖွဲ့အစည်းများသည် အကြမ်းဖက်စစ်ကောင်စီ၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများ ရှိနေသည့်တိုင် NUG ကျန်းမာရေးဝန်ကြီးဌာနနှင့် လက်တွဲ၍ ပြည်သူဦးဆောင်သည့် ကျန်းမာရေးစနစ်များ တည်ထောင်ကာ ပဋိပက္ခဖြစ်ပွားရာဒေသများမှ ပြည်သူများအတွက် ကျန်း မာရေးစောင့်ရှောက်မှုများကို ရဲဝံ့စွာ ပေးအပ်လျက်ရှိသည့်အတွက် ယခုဆုကို ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆုချီးမြှင့်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၂၇ ရက် ညနေ ၆ နာရီက အမေရိကန်ပြည်ထောင် စု၊ Minnesota ပြည်နယ်၊ Minneapolis မြို့၌ အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့ (American Public Health Association) ၏ ၂၀၂၄ ခုနှစ် ညီလာခံက ကျင်းပပြုလုပ်သည့် 2024 Health Activist Dinner တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး NUG ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက ဆုလက်ခံရယူခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဇော်ဝေစိုးက မြန်မာ့နွေဦးတော်လှန်ရေး ပေါ်ပေါက်လာပုံနှင့် လက်ရှိအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည့်အပြင် ယခုဆုသည် နွေဦးတော်လှန်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လက်ချက်ဖြင့် ထိခိုက်ကျဆုံးခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများ၊ ဖမ်းဆီး နှိပ်စက်ခံရသည့် ကျန်းမာရေးဝန်ထမ်းများ၊ ရှေ့တန်းစစ်မြေပြင်နှင့် ဒေသအသီးသီးတွင် ပြည်သူတို့ အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်စွန့်ကြိုး ပမ်း ဆောင်ရွက်နေသည့် ကျန်းမာ ရေးဝန်ထမ်းများကို ရည်ညွှန်းဂုဏ်ပြုခြင်းဖြစ်သည်ဟု ပြောကြား ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ကျန်းမာရေး အခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် အခြေအနေများကို ကမ္ဘာကြီးအနေဖြင့် နှုတ်ဆိတ် မနေသင့်ကြောင်း၊ မြန်မာပြည်သူများ အထူးသဖြင့် ကျန်းမာရေး ဝန် ထမ်း များနှင့် ဆေးရုံဆေးခန်းများအား ပစ်မှတ်ထား၍ တိုက်ခိုက်နေခြင်းကို ကာကွယ်အဆုံးသတ် ပေးရန် မိမိတို့၏ အသံများကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ကျန်းမာရေးအဖွဲ့အစည်း များ သည် မြန်မာနိုင်ငံတွင်သာမက ဆူဒန်၊ ယူကရိန်း၊ ဂါဇာ၊ အစ္စရေးအပါအဝင် ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ ကျန်းမာရေးလုပ်သားများကို ကာကွယ်မှုပေးရန်နှင့် ကျန်းမာရေးကဏ္ဍကို လက်နက် သဖွယ်အသုံးပြုခြင်းအား တားဆီးပေးရန် တောင်းဆိုပါကြောင်း၊ကျန်းမာရေးစောင့်ရှောက်မှုသည် လူ့အခွင့်အရေးဖြစ်ပြီး လက်နက်မဟုတ်ကြောင်း၎င်းက ဆက်လက်ပြောကြားသည်။

အခမ်းအနားသို့ NUG ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် CDM ကျန်းမာရေးဝန်ထမ်းများ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရ သည်။

မြန်မာ့နွေဦးတော်လှန်ရေး ကျန်းမာရေးသူရဲကောင်းများနှင့် NUG ကျန်းမာရေးဝန်ကြီးဌာန၏ လုပ် ဆောင်ချက်များသည် ခံနိုင်ရည်နှင့် ရဲစွမ်းသတ္တိကို မီးမောင်းထိုးပြနေသလို မြန်မာနိုင်ငံတွင် ငြိမ်းချမ်း ရေး နှင့် တရားမျှတမှုအတွက် ဆက်လက်တိုက်ပွဲဝင်နေကြသူများအတွက်လည်း မျှော်လင့်ချက် တစ်ခု ဖြစ်ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုသည်။

The Edward Barsky Award ဆုသည် ကျန်းမာရေး၊ လူမှုတရားမျှတမှုနှင့် လူ့အခွင့်အရေးတို့တွင် ထူးခြား ထက်မြက်စွာ ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည့် အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များအား ဂုဏ်ပြုသော ထင်ရှားသည့် ဆုတစ်ခု ဖြစ်ကြောင်း သိရသည်။

ဆုရရှိသူများသည် အမေရိကန်ဆရာဝန်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာ Edward Barsky ၏ အမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းသူများဖြစ်ပြီး အခက်အခဲများကြားမှပင် ဆေးဝါးကုသမှုများကို လိုအပ်နေသော လူ့အဖွဲ့အစည်းများထံ ရောက်ရှိစေရန် စွမ်းစွမ်းတမံ ဆောင် ရွက် ခဲ့သူများ ဖြစ်ကြောင်း သိရသည်။

ယင်းဆုသည် ကမ္ဘာတစ်ဝန်း ကျန်းမာရေးနှင့် တရားမျှတမှုကို မြှင့်တင်ပေးရန် ကြိုးပမ်းဆောင်ရွက် ခဲ့သည့် နယ်လ်ဆင်မင်ဒဲလား ဦးဆောင်သော အာဖရိကအမျိုးသားကွန်ဂရက် (The African National Congress) ကဲ့သို့သော အဖွဲ့အစည်းများကို ဂုဏ်ပြုခဲ့သည့် ရှည်လျားထင်ရှားသော သမိုင်း ကြောင်း ရှိကြောင်း သိရသည်။

Health Activist Dinner သည် အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာတစ်ဝန်းရှိ ပြည်သူ့ကျန်း မာရေး ပညာရှင်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် ပညာရှင် ခေါင်းဆောင်များ စုပေါင်းကျင်းပသော နှစ်ပတ်လည်ပွဲတစ်ခု ဖြစ်ပြီး ယင်းပွဲသည် ကျန်းမာရေးလှုံ့ ဆော်မှုနှင့် လူမှုတရားမျှတမှုအတွက် ထူးခြားထက်မြက်သော ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြု သည့် စင်မြင့်တစ်ခုဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုတို့ကို မြှင့်တင်ရန် အ တွက် သတင်းအချက်အလက်မျှဝေခြင်း၊ ကွန်ရက်ချိတ်ဆက်မှုများ တည်ဆောက်ခြင်းနှင့် အပြန် အလှန် ပံ့ပိုးမှုပေးခြင်းများ ပြုလုပ်နိုင်ရန် အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပြီး ယခု Health Activist Dinner တွင် The Edward Barsky Award အပါအဝင် The Paul Cornely Award ၊ The Paul Wellstone Award နှင့် The Paul Ambrose Outstanding Student Activist Award စသည့် ဆုအမျိုးအစား ၄ ဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article