33 C
Yangon

အမ်းမြို့နယ်၊ ကုတင် ၃၀၀ စစ်ဆေးရုံမှ စစ်မှုထမ်း သင်တန်းဆင်း တပ်သား သစ် ၂ ဦး လက်နက်အပြည့်အစုံဖြင့် AA ထံတွင် အလင်းဝင်၊ ပေါ်တာဆွဲဖမ်း ဆီးခံရ၍ စစ်ထဲသို့ပါလာကာ တပ်မှ ထွက်ပြေးချိန် စစ်အရာရှိများက ၀ိုင်းဝန်းပစ်ခတ်သဖြင့် ဒဏ်ရာရလာ

Must read

🟥ရခိုင်ရောက် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များ သေဆုံးကုန်ပြီး ပြေးသူလည်းများပြားဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံမှ စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းဆင်း တပ်သားသစ် ၂ ဦး လက်နက်အပြည့်အစုံဖြင့် AA ထံတွင် အလင်းဝင်လာကြောင်း AA ၏ ပြော ရေးဆိုခွင့်ရှိသော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံမှ တပ် သားသစ် ရင်ထွေး နှင့် တပ်သားသစ် မင်းသူကိုတို့ လက်နက်များနှင့်အတူ အလင်း ဝင်လာကြောင်း၊ ၎င်းတို့နှစ်ဦးသည် MA 1 ၂ လက်၊ ကျည်ခဲယမ်းများနှင့်အတူ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

AA ထံတွင် လက်နက်ချ အလင်းဝင်လာသော တပ်သားသစ် ရင်ထွေးသည် အသက် ၃၀ နှစ်ရှိနေပြီဖြစ်ပြီး ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှ ဖြစ်ကြောင်း၊ စစ်မှု ထမ်းအပတ်စဉ် ၂ ကို ပဲခူးတိုင်း၊ ရေနီမြို့ရှိ အမှတ် ၅ အခြေခံစစ်သင်တန်းလေ့ကျင့်ရေးကျောင်းတက်ရောက်ခဲ့ရကြောင်း၊ ယခုနှစ် မေလ ၁၄ ရက်နေ့တွင် စစ်ထဲသို့ ဝင်ခဲ့ရကြောင်း၊ အလင်းဝင်ချိန် လည်ပင်းတွင် လက်ပစ်ဗုံးအစ ထိမှန်ထားသော်လည်း မစိုးရိမ်ရကြောင်း ၊ စစ်မှုထမ်း သင်တန်းဆင်းပြီးနောက် ၎င်းကို အမ်းမြို့နယ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံတွင် တာဝန်ချထားခံရကြောင်း သိရှိရသည်။

အလားတူ အလင်းဝင်လာသော တပ်သားသစ် မင်းသူကိုသည် အသက် ၂၇ နှစ်ရှိနေပြီဖြစ်ပြီး ပဲခူးတိုင်း၊ အုတ်ဖိုမြို့မှ ဖြစ်ကြောင်း၊ စစ်မှုထမ်း သင်တန်း အ ပတ် စဉ် ၂ ကို ပဲခူးတိုင်း၊ ရေနီမြို့ အမှတ် ၅ အခြေခံစစ်သင်တန်းလေ့ကျင့်ရေးကျောင်းတွင်တက်ရောက်ခဲ့ရပြီး မေလ ၁၄ ရက်နေ့တွင် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့ရကြောင်း၊စစ်မှုထမ်းသင်တန်းဆင်းပြီးနောက် အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံတွင် တာဝန်ချထားခံရကြောင်း၊ သိရှိရသည်။

AA ထံတွင် လက်နက်ချ အလင်းဝင်လာသူ တပ်သားရင်ထွေးနှင့် တပ်သားမင်းသူကိုတို့သည် အုတ်ဖိုမြို့တွင် သုံးဘီဆိုင်ကယ်မောင်းနှင်ပြီး နွားအငှားလိုက်သူများဖြစ်ကြောင်း၊ လမ်းတွင် စစ်တပ်က “ခဏလိုက်ခဲ့ဦး” ဟုဆိုကာ ဖုန်းများ သိမ်းဖမ်းဆီး၍ စစ်တပ်ထဲသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်း သင်တန်းဆင်းပြီးနောက် အမ်းမြို့သို့ ခြေကျင် စစ်ကြောင်းဖြင့် လာရောက်ခဲ့ပြီး အင်အား ၈၅ ဦးပါဝင်ကြောင်း၊ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များမှာ တိုက်ပွဲတွင် သေဆုံးသူအများစုဖြစ်ပြီး ထွက်ပြေးကြသူလည်း များပြားကြောင်း၊ စစ်အရာရှိများက တပ်မှ ထွက်ပြေးလျှင် ပစ်သတ်မည်ဟု ပြောဆိုပြီး အမှန်တကယ် ထွက်ပြေးချိန်တွင်လည်း လိုက်လံ ပစ်ခတ်သဖြင့် တပ်သား ၂ ဦးလုံး ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိတပ်တွင်လည်း ထမင်းမကျွေးသဖြင့် ထမင်းမစားရသည်မှာ ၃ ရက်ရှိနေ ပြီ ဖြစ်ကြောင်း၊ ထွက်ပြေးချိန်တွင် ၀ိုင်းဝန်း ပစ်ခတ်ကြကြောင်း အလင်း ဝင်လာသူ တပ်သားသစ် ၂ ဦးက ပြောဆိုသည်။

(အလင်းဝင်လာသူ စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ် ၂ ဦး၏ ထွက်ဆိုချက် ဗီဒီယိုဖိုင်ကို ဆက်လက် တင်ဆက်ပါမည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article