24 C
Yangon

ညောင်လေးပင်နှင့် ကျုံဒိုးရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အသက် ၁ နှစ် အရွယ်ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံး၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ညောင်လေးပင်နှင့် ကျုံဒိုးရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အသက် ၁ နှစ် အရွယ်ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံး၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ နိုဝင်ဘာ ၂

ပဲခူးတိုင်း၊ မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်ခန့်တွင် မူးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၃၅၁ တပ်ရင်း နှင့် ခလရ ၆၀ တပ်ရင်းက လက်နက်ကြီး စုစုပေါင်း ၉ လုံး ပစ်ခတ်ခဲ့ရာ ရွာကြီးအင်း ကျေးရွာအတွင်းကို ၄ လုံး ကျရောက်ပေါက်ကွဲ ခဲ့ပြီး ကျန် ၅ လုံးသည် နိုကလော်ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ရာ ကျေးရွာနေ ပြည်သူ စောဘလယ်ကဲ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သေဂေလူကျေးရွာအတွင်းကို ဝင်ရောက် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် နောင်ကုန်းကျေးရွာ အတွင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီ ၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရေလဲကျေးရွာ အတွင်းကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာပိုင် စာသင်ကျောင်း ၁ ကျောင်း ထိမှန် ပျက်စီး ခဲ့ကြောင်း သိရသည်။

ထို့ပြင် သေဂေလူကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများကြောင့် သေဂေလူကျေးရွာ၊ ရေလဲကျေးရွာ၊ ရွာကြီးအင်းကျေးရွာရှိ ပြည်သူလူထုများသည် ကြောက်ရွံ့ ထိတ်လန့်ပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် လယ်ဒိုမြို့နယ်အတွင်း ကွင်းချောင်းဝရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အနန်းဘော်ကျေးရွာမှ နေပြီး ရွာသာယာကျေးရွာ အတွင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ကိုမောင်ဇော်၏ နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့ပြီး အသက် ၁ နှစ် အရွယ် မောင်လင်းခန့်ဖြိုးမြတ် သေဆုံးခဲ့ကြောင်း၊ ယင်းနေ့ ည ၁၀ နာရီခန့်တွင် စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နံဇကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ခရစ်ယာန် ဘုရာရိုခိုးကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ရကြောင်းသိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်း ကျေးရွာများကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ပြည်သူ သုံးထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရကြောင်း KNU ဗဟိုက ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ကျုံဒိုးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ (စကခ – ၁၂) လက် အောက်ခံ (ခမရ – ၂၃၁) တပ်ရင်း လက်အောက်ရှိ တပ်သစ်အမြောက်ကုန်းမှ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် အတွဲလိုက်ပစ်ခတ်ခဲ့ရာ ရေပူကြီးကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ ည ၈နာရီ ၁၅ မိနစ်ခန့်တွင်လည်း ၎င်း တပ်သစ် အမြောက်ကုန်းမှ ထပ်မံ၍ ဟောင်ဝှစ်ဇာ ၃ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ရေပူကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံးနှင့် ပြည်သူများပိုင် ပစ္စည်းများ ပျက်စီး၍ အိမ်မွေး တိရစ္ဆာန်များလည်း ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် တပ်သစ်အမြောက်ကုန်းမှ ဟောင်ဝှစ်ဇာ ၂၄ လုံးဖြင့် ထပ်မံပစ်ခတ်ရာ ရေပူကြီးကျေးရွာ၊ ကော့ဝါးလဲကျေးရွာ၊ နောင်တမံကျေးရွာ နှင့် ဝင်းပြကျေးရွာများ၏ အပြင်ဘက်သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရေပူကြီးကျေးရွာမှ အသက် ၄၇နှစ်အရွယ် မန်းကျော်စွာဦး လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်၏ (စကခ – ၁၂) လက်အောက်ခံ (ခမရ – ၂၃၁) တပ်ရင်း လက်အောက်ရှိ တပ်သစ်အမြောက်ကုန်းမှ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ရေပူကြီးကျေးရွာမှ ပြည်သူ ၃၇၄၀ ဦးသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article