26 C
Yangon

စစ်ကောင်စီ၏ မဆင်မခြင် လေကြောင်းတိုက်ခိုက်ခြင်းများကြောင့် မသန်စွမ်းသူဦးရေ မြင့်တက်လာစေပြီး စစ်တပ်က မသန်စွမ်းများကို ပစ်မှတ်ထားတိုက်ခိုက်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောဆို

Must read

စစ်ကောင်စီ၏ မဆင်မခြင် လေကြောင်းတိုက်ခိုက်ခြင်းများကြောင့် မသန်စွမ်းသူဦးရေ မြင့်တက်လာစေပြီး စစ်တပ်က မသန်စွမ်းများကို ပစ်မှတ်ထားတိုက်ခိုက်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောဆို

ရန်ကုန်၊ နိုဝင်ဘာ ၃

အကြမ်းဖက်စစ်ကောင်စီ၏ မဆင်မခြင် လေကြောင်းတိုက်ခိုက်ခြင်းများကြောင့် မသန်စွမ်းသူဦးရေ မြင့်တက်လာစေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောဆိုလိုက်သည်။

နိုဝင်ဘာလ ၁ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၊ မသန်စွမ်းသူများ၏ အခွင့်အရေးနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် စုပေါင်း အပြန်အလှန် ဆွေးနွေးသည့်အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁) ရက်နေ့၌ မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ချိန်မှစတင်၍ မသန်စွမ်းသူများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများမှာ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း၊ ပြီးခဲ့သော ၄၅ လတာ ကာလအတွင်း စစ်ကောင်စီအနေဖြင့် မသန်စွမ်းသူများ၏ အခွင့် အရေးများကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့ကြောင်း၊ စစ်အုပ်ကမှ ကျူးလွန်ခဲ့သော ရက်စက် ကြမ်းကြုတ်မှုများအနက် လေကြောင်းမှတဆင့် မဆင်မခြင် ဗုံးကျဲတိုက်ခိုက်ခြင်း များကြောင့် ပဋိပက္ခဖြစ်ပွားရာ အရပ်ဒေသများတွင် ကလေးငယ်များနှင့် လူငယ်များ အပါအဝင် အရပ်သား ပြည်သူ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အချို့မှာ ခြေလက် အင်္ဂါများဆုံးရှုံးကာ မသန်စွမ်းဘဝသို့ ရောက်ရှိခဲ့ရကြောင်း၊ထိုနည်းအားဖြင့် မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေကို မြင့်တက်လာစေခဲ့ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

မသန်စွမ်းသူများနှင့်တကွ မြန်မာပြည်သူများအနေဖြင့် စစ်ကောင်စီမှ ဆက်လက် ကျူးလွန်လျက် ရှိသော ယုတ်ရင်းရက်စက်မှုများနှင့် အခွင့်အရေးချိုးဖောက်မှုများ အပါအဝင် စိန်ခေါ်မှု မြောက်များစွာ ရှိသည့်အကြားက မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရန် ခိုင်မာစွာ စိတ်ဆုံးဖြတ်ထား၊ စစ်အာဏာရှင်အား ဆန့်ကျင်သည့် ခုခံတော်လှန်ရေးတွင် မသန်စွမ်းသူ အမျိုးသမီးများကလည်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအဖြစ် ရှေ့တန်းက တက်ကြွစွာ ပါဝင် လှုပ်ရှား လျက်ရှိ၊ မိမိတို့အနေဖြင့် ၎င်းတို့၏ မယိမ်းမယိုင်သော သန္နိဋ္ဌာန်နှင့် ၎င်းတို့၏ ကြီးမားသော ထည့်ဝင်မှုများ ကို အသိအမှတ်ပြုသည်နှင့်အတူ ၎င်းတို့၏ အခွင့်အရေးများအား ကာကွယ်၊ မြှင့်တင်ပေးရေး နှင့် လိုအပ်သည့် အကူအညီများ ထောက်ပံ့ပေးရေးတို့ကလည်း ထပ်တူထပ်မျှ အရေးကြီး ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံ၌ မတရား စစ်အာဏာသိမ်းမှု မတိုင်မီ ဒီမိုကရေစီအစိုးရလက်ထက်တွင် မသန်စွမ်းသူ များ အပါအဝင် ထိရှိ လွယ်သောအုပ်စုများ၏ အခွင့်အရေးအား မြှင့်တင်၊ ကာကွယ်ရေးက ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်ခဲ့ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများအတွက် အရင်းအမြစ်နှင့် အထောက်အကူပစ္စည်းများ ဖြည့်ဆည်းပေးရန် ကန့်သတ်ချက်များ ရှိခဲ့သော်လည်း ဒီမိုကရေစီ အစိုးရက မသန်စွမ်းသူများအား အစီအစဉ်အမျိုးမျိုးတွင် ပါဝင်စေခြင်းဖြင့် အောင်မြင် တိုးတက်မှု များ ရရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့၌ မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ချိန်မှစတင်၍ မသန်စွမ်းသူများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲ များမှာ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း၊ မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲရေးယူနစ် (Myanmar Information Management Unit (MIMU) ၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် အထိ လူဦးရေ၏ ၁၃ ရာခိုင်နှုန်း သို့မဟုတ် ခန့်မှန်းခြေ ၅ ဒသမ ၉ သန်းခန့်က မသန်စွမ်းသူများ ဖြစ်ကြကြောင်း၊ ထို့ပြင် စစ်အုပ်စုမှ ကျူးလွန်လျက်ရှိသော မဆင်မခြင် တိုက်ခိုက်မှုများ၊ ဆင်းရဲနွမ်းပါးမှုနှုန်းထား မြင့်တက်လာခြင်းနှင့် ကန့်သတ်ချက်များရှိနှင့်ပြီးဖြစ်သော ကျန်းမာရေးအဆောက်အဦတို့အပေါ် ထပ်တိုး ကန့်သတ်မှုများ ဖြစ်ပေါ်လျက်ရှိသော ကြောင့် လက်ရှိ မသန်စွမ်းသူဦးရေမှာ ပိုမို မြင့်မား နိုင်ခြေရှိကြောင်း သိရှိရသည်။

ထို့ပြင် အစီရင်ခံစာများအရ စစ်ကောင်စီ တပ်သားများအနေဖြင့် ကျေးရွာများကို စီးနင်း ဝင်ရောက်တိုက်ခိုက်ရာတွင် သာမာန်လူများကဲ့သို့ တုံ့ပြန်နိုင်ခြင်း သို့မဟုတ် ထွက်ပြေးနိုင် ခြင်း မရှိသော ဉာဏ်ရည် မသန်စွမ်းသည့် လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားသည်ဟု ဖော်ပြ ထားကြောင်း၊ အများစုမှာ ညှဉ်းပန်းနှိပ်စက်ခံကြရပြီး အချို့မှာ သတ်ဖြတ်ခံခဲ့ရကြောင်း၊ စစ်အာဏာရှင်အား ဆန့်ကျင်သည့် ခုခံတော်လှန်ရေးတွင် မသန်စွမ်းသူ အမျိုးသမီးများက လည်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအဖြစ် ရှေ့တန်းက တက်ကြွစွာ ပါဝင် လှုပ်ရှား လျက် ရှိကြောင်း ဦးကျော်မိုးထွန်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article