ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာနှင့် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး
ရန်ကုန်၊ နိုဝင်ဘာ ၃
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာနှင့် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှ နေအိမ်များကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီအချိန် ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအနီးတွင် စစ်အင်အား ၄၀ ပါ စစ်ကောင်စီတပ် နှင့် ပျံလွှားအမည်ရှိ ဒေသတော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တော်လှန်ရေးတပ်၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတချို့လည်းရှိကြောင်း၊ ယင်းနောက် စစ်တပ်က မလိဝမ်းကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များကို မီးတင်ရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
“စစ်ကြောင်းက အထိနာလို့ တိုက်ပွဲဖြစ်တဲ့အနားက ကျေးရွာကို ဝင်ပြီး မီးရှို့တာပါ။ နေအိမ် ၆ လုံးထက်မနည်း ပြာကျသွားပါတယ်။ တိုက်ပွဲမှာ တော်လှန်ရေးဘက်ကတော့ အထိအခိုက်မရှိဘူးလို့ သိရတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် ညအချိန် စစ်ကောင်စီတပ်က မီးရှို့နေသော ကျေးရွာတစ်ခု မီးလောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
အလားတူ တနင်္သာရီတိုင်း ထားဝယ်-ရေဖြူကားလမ်းမပေါ်ရှိ မောင်မယ်ရှောင်ရွာမှပြည်သူပိုင်နေအိမ်များကို ရွာထဲတွင် တပ်စွဲထားသည့်စစ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီခန့်မှာ ၎င်းရွာထိပ်ရှိလူနေအိမ်တချို့ကို စစ်သားများ ဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများခိုးယူပြီးနောက် အိမ်များကို အကြောင်းပြချက်မရှိဘဲ မီးထပ်ရှို့ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
‘ရှေ့လကရွာထဲကို စစ်တပ်ဝင်လာပြီးနောက်ပိုင်းဘယ်သူမှ အိမ်မပြန်ရဲကြသလိုပစ္စည်းတွေလဲသွားမသယ်ကြဘူး။ တချို့အိမ် တွေထဲမှာဆိုဘာမှယူမခံလို့ပစ္စည်းကောင်းတွေကြီးပဲ့။ရွာထဲလူမရှိတော့ သူတို့ကြိုက်သလိုခိုးယူလို့ရတာပေါ့။မနက်ကလဲမြေတင်ကားပေါ်ကို အိမ်အသုံးအဆောင်ပြည်သူပစ္စည်းတွေတင်ပြီး ဇဟာဖက်ဆင်းသွားတာမြင်ရတယ်။ရွာထဲမှာလဲမီးရှို့ခံထားရတဲ့အိမ်တွေမနည်းတော့ပါ ဘူး” ဟုမောင်မယ်ရှောင်ခံစစ်ရှောင်တစ်ဦးက ပြောသည်။
ယင်းနေရာအနားတွင် ယာယီတပ်စွဲထားသောစစ်တပ်ကို အောက်တိုဘာ ၂၉ ရက်နေ့ တော်လှန်ရေးတပ်ဖွဲ့များဝင်ရောက်တိုက်ခိေက်ခဲ့ပြီးနောက် စစ်တပ်က ပြည်သူ့နေအိမ်များကို မီးထပ်ရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ မောင်မယ်ရှောင်ရွာသည် ထားဝယ်ခရိုင်အတွင်းမှာ နှစ်ဖက်ထိတွေ့တို-က်ပွဲဖြစ်ပွားမှုအများဆုံးနေရာဖြစ်ပြီး ကျေးရွာတစ်ခုလုံးကို စစ်တပ်ဘက်မှ အခြေပြုတပ်စွဲထားသဖြင့် ကျေးရွာနေပြည်သူများမှာ နီးစပ်ရာ ရပ်ရွာများနှင့် ဥယျာဥ်ခြံများတွင် တိမ်းရှောင်နေရကြောင်း သိရသည်။