25 C
Yangon

ပေါက်မြို့နယ်တွင် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွားသော သံဃာတော် ၁ ပါးနှင့် ပြည်သူ ၄ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်

Must read

ပေါက်မြို့နယ်တွင် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွားသော သံဃာတော် ၁ ပါးနှင့် ပြည်သူ ၄ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်

ရန်ကုန်၊ နိုဝင်ဘာ ၃

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွားသော သံဃာတော် ၁ ပါးနှင့် ပြည်သူ ၄ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ပေါက်မြို့ နယ် ရန်ကင်းကျေးရွာ မြောက်ဘက်ရှိ ဒီးဒုတ်ကွင်း စစ်ဘေးရှောင် နေအိမ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ဒီးဒုတ်ကွင်း ပြည်သူ့စစ်များ ပါဝင်သော ပူးပေါင်း စစ်ကြောင်းက ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်စီးနင်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စစ်ရှောင်နေအိမ် ၇ လုံးနှင့် ဆေးခန်း ၁ ခုကို မီးရှို့ ဖျက်ဆီးခဲ့ပြီး သံဃာတော် တစ်ပါးကို လူဝတ်လဲ၍ စစ်ရှောင် ပြည်သူ ၁၇ ဦးနှင့် အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ပြည်သူပိုင်ကားများဖြင့် ပြည်သူပိုင် ပစ္စည်းများကို အတင်းဓမ္မလုယူ တင်ဆောင်လာသွားကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ရှောင်ပြည်သူ ဦးဌေးအောင်ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး စစ်ရှောင်ပြည်သူ ဦးသန်းစိန် ကိုလည်း နေအိမ်ထဲ ပိတ်လှောင်၍ မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရပြီး ၁ ဦးမှာ အသက် အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသော ပြည်သူများမှာ ဦးမိုး ၊ ဒေါ်သီတာထွေး ၊ ဦးမိုးညို ၊ ကိုမိုးဒီ ၊ ကိုငချမ်း ၊ ကိုဖိုးချော ၊ ဦးလှညို ၊ ကိုငဦး ၊ မဇင်မာဦး ၊ ဦးသန်းမြိုင် ၊ ဦးစိုးဝင်း ၊ ဦးမောင်အေး ၊ ဦးတင်မောင်ဆွေ ၊ ကိုရဲလင်းနိုင်နှင့် အမည်မသိ ပြည်သူ ၃ ဦး တို့ဖြစ်ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ၎င်းတို့ ဖမ်းဆီးခေါ်ဆောင်ထားသော သံဃာတော် ၁ ပါး နှင့် စစ်ဘေးရှောင် ပြည်သူများကို ရှေ့တန်းတင်ကာ ဒီးဒုတ်ကွင်း ကျေးရွာ တောင်ဘက်သို့ ထွတ်ခွာလာပြီးနောက် သံဃာတော် ၁ ပါးနှင့် ဒေါ်သီတာထွေး ၊ ကိုငချမ်း တို့ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် သံဃာတော် ၁ ပါးကို လူဝတ်လဲ၍ သတ်ဖြတ်ထားပြီး ဒေါ်သီတာထွေး နှင့် ကိုငချမ်း တို့ကို အဝတ်ဗလာနှင့် သေဆုံးလျှက်တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးထားသော ပြည်သူများကိုလည်း ဒီးဒုတ်ကွင်း ပျူစောထီးရွာအတွင်း လက်ပြန်ကြိုးတုပ်၍ နံနက်ပိုင်းမှ ညနေပိုင်းအထိ တစ်နေကုန် နေပူထဲတွင် ရပ်ခိုင်းပြီး ညှင်းပန်းနှိပ်စက်လျှက်ရှိကြောင်း သိရှိရသည်။

“အပစ်မဲ့ ပြည်သူလူထု ကိုပါ မကျန် ရန်သူအသွင် သဘောထား ရန်သူထက် ပိုပြီး လူအခွင့်အရေး မပေးနိုင်တာတွေ အပြစ်မဲ့ ပြည်သူအပေါ် အနိုင့်ကျင့် ဖမ်းဆီး သတ်ဖြတ်တာတွေ အတွက် ကျူးလွန်သူတွေကို စနစ်တကျ လေ့လာနေပါတယ်။ ပြန်လည် ကျူးလွန်သူတွေကို ကျတော်တို့ လက်တုန့်ပြန်ဖို့ပဲ ရှိပါတယ်” ဟု ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article