30 C
Yangon

ရေအားလျှပ်စစ်စက်ရုံများ ပြန်လည်ပြုပြင်ရန် စစ်ကောင်စီက ကြိုးပမ်းနေသော်လည်း မူလကုမ္ပဏီများ ခေါ်မရ ဖြစ်နေ၍ ပြင်ဆင်ရန် မလွယ်ကူသေးဘဲ ဓာတ်အားရရှိမှု ပိုမို လျှော့ကျလာနေ၊ လျှပ်စစ် မီးပြတ်တောက်မှုများ ပိုမိုဆိုးရွားလာရန်ရှိ

Must read

ရေအားလျှပ်စစ်စက်ရုံများ ပြန်လည်ပြုပြင်ရန် စစ်ကောင်စီက ကြိုးပမ်းနေသော်လည်း မူလကုမ္ပဏီများ ခေါ်မရ ဖြစ်နေ၍ ပြင်ဆင်ရန် မလွယ်ကူသေးဘဲ ဓာတ်အားရရှိမှု ပိုမို လျှော့ကျလာနေ၊ လျှပ်စစ် မီးပြတ်တောက်မှုများ ပိုမိုဆိုးရွားလာရန်ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၄

မြန်မာနိုင်ငံတစ်ဝန်းတွင် သဘာ၀ဘေးအန္တရာယ်ကြောင့် ပြုပြင်ရန် လိုအပ်နေသော ရေအားလျှပ်စစ်စက်ရုံများ ပြန်လည် ပြင်ဆင်ရန် ရေအားလျှပ်စစ်စက်ရုံများကို တည်ဆောက်ပေးခဲ့သော မူလကုမ္ပဏီများကို စစ်ကောင်စီက ပြန်လည် ဆက်သွယ်နေသော်လည်း ခေါ်မရဖြစ်နေကာ ပြန်လည်ပြင်ဆင်ရန် မလွယ်ကူသေးသည့် အခြေအနေဖြစ်ပေါ်နေကြောင်း လျှပ်စစ်ဝန်ကြီးဌာန သတင်းရင်းမြစ်က ဆိုသည်။

လောပိတဘီးလူးချောင်းရေအားလျှပ်စစ်ထုတ်စက်ရုံ၊ ရဲရွာ ရေအားလျှပ်စစ်စက်ရုံ အပါအဝင် ရေကြီးမှုများကြောင့် ပျက်စီးသွားသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ အကြီးစား ပြင်ဆင်ရန် လိုအပ်နေသော ရေအားလျှပ်စစ်ထုတ်စက်ရုံ ၉ ရုံခန့်ကို ပြင်ဆင်ရန်အတွက် စစ်ကောင်စီက မူလ စက်ရုံများ တည်ဆောက်ပေးခဲ့သော ဂျပန်ကုမ္ပဏီ၊ တရုတ်ကုမ္ပဏီများကို ပြန်လည် ဆက်သွယ်လျက်ရှိကြောင်း၊ သို့ရာတွင် မူလကုမ္ပဏီများက လက်ရှိ မြန်မာ နိုင်ငံတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေး မတည်မငြိမ်မှုများကြောင့် လာရောက် ပြင်ဆင်ရန်ကိစ္စများတွင် အလွန်နှောင့်နှေးကြန့်ကြာမှုများရှိနေ​ ကြောင်း သိရှိရသည်။

“ဒီစက်ရုံတွေကို တည်ဆောက်ပေးခဲ့တဲ့ မူလကုမ္ပဏီတွေရှိတယ်။ ဂျပန်၊ တရုတ် စသည်ဖြင့်ပေါ့။ အဲဒီကုမ္ပဏီတွေကို ဒီစက်တွေကို ပြန်လာပြင်ပေးဖို့ ဆက်သွယ်တဲ့အခါမှာ လုံခြုံရေးနဲ့ အသက်အန္တရာယ် အာမခံဖို့၊ နောက်တစ်ခါ လိုအပ်တဲ့ စက်ပစ္စည်းတွေ လဲလှယ်ရမယ့် စက်ပစ္စည်းအစိတ် အပိုင်းတွေကို မူလကုမ္ပဏီတွေဆီက ပြန်ဝယ်ဖို့ အဲဒီကိစ္စတွေ ညှိနှိုင်းနေရတယ်။ ဥပမာ- လောပိတစက်ရုံဆိုရင် ကရင်နီဘက်မှာ မငြိမ်းချမ်းတော့ ပြင်မယ့် ကုမ္ပဏီတွေက မလာရဲကြဘူး။ လက်ရှိ အခြေအနေအရတော့ ဒီစက်ရုံတွေ ပြင်ဆင်ဖို့ လနဲ့ချီပြီး ကြာသွားမယ့် အခြေအနေမျိုးမြင်နေရတယ်။ အကြီးစား ပြင်ဆင်ရမယ့် စက်ရုံတွေ အများစုဖြစ်နေတယ်” ဟု လျှပ်စစ်ဝန်ကြီးဌာန သတင်းရင်းမြစ်က ရှင်းပြသည်။

လတ်တလော လျှပ်စစ်ရရှိမှု အခြေအနေမှာ တစ်နေ့ တစ်ခြား ပိုမိုဆိုးဝါးလာနေပြီး မူလက တစ်ရက်လျှင် မဂ္ဂါဝပ် ၂၅၀၀ ဝန်းကျင်ရရှိရာမှ ယခုအခါ မဂ္ဂါဝပ် ၂၃၀၀ ဝန်းကျင်သာ ရရှိတော့ကြောင်း၊တစ်နိုင်ငံလုံး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ်ရှိပြီး လက်ရှိ ထုတ်လုပ်နိုင်စွမ်းမှာ တစ်ရက်လျှင် မဂ္ဂါဝပ် ၂၃၀၀ ဝန်းကျင်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ ၄၂ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နိုင်ကြောင်း သိရှိရသည်။

ထို့ကြောင့် ယခုနိုဝင်ဘာလမှစတင်၍ လာမည့် နွေရာသီအချိန်အထိ လျှပ်စစ်မီးများ ဆိုးဆိုးဝါးဝါး ပြတ်တောက်မည့် အခြေအနေရှိနေကြောင်း လျှပ်စစ်ဝန်ကြီးဌာန သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဓာတ်ပုံ- စစ်အာဏာသိမ်းပြီးနောက် မီးပြတ်နေသည့် ရန်ကုန်မြို့တော်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article