အာဆီယံမှ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးတစ်ဦးက မြန်မာ့အရေးဖြေရှင်းရန် လမ်းညွှန်အကူအညီပေးနိုင်ဟု အကြံပြု
ရန်ကုန်၊ မေ ၃၁
မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသော နိုင်ငံရေးအကျပ်အတည်းက အာဆီယံအတွက် အမည်းစက်ဖြစ်နေပြီး ဘယ်သူမှ မနိုင်သည့်စစ်ပွဲကို တိုက်နေကြကာ တစ်နိုင်ငံလုံး စီးပွားရေးနှင့် ပြည်သူတစ်ရပ်လုံးအပေါ် ပျက်စီးမှုများဖြစ်ပေါ်နေကြောင်း အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ်ဟော်တာ (José Ramos-Horta) က သတိပေးပြောဆိုလိုက်သည်။
ယမန်နေ့ မေလ ၃၀ ရက်နေ့ စင်ကာပူတွင် ကျင်းပပြုလုပ်နေသည့် ရှန်ဂရီလာ ဆွေးနွေးပွဲ (Shangri-La Dialogue) အထူးမိန့်ခွန်းတွင် အရှေ့တီမောသမ္မတ အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
အာဆီယံတွင် အောင်မြင်မှုများရှိနေသော်လည်း လက်ရှိ မြန်မာ့ပဋိပက္ခသည် အာဆီယံ၏ အောင်မြင်မှုမှတ်တမ်းများအပေါ် စွန်းထင်နေသည့် အမည်းစက်တစ်ခု ဖြစ်ကြောင်း ၊ လက်ရှိမြန်မာ့အရေးတွင် “စစ်မြေပြင်တွင် ဘယ်သူမှ အနိုင်ရမည့်ပုံမပေါ်ဘူး” ဟု သုံးသပ်ပြီး မြန်မာနိုင်ငံအတွင်းမှ စစ်ပွဲများမှာ နှစ်ဖက်စလုံး အင်အားကုန်ခမ်းသွားအောင် တိုက်ခိုက်နေကြသည့် စစ်ပွဲဖြစ်နေကြောင်း၊ တစ်နိုင်ငံလုံး၊ စီးပွားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံးကို ပျက်စီးစေနေကြောင်း ၎င်းက ပြောဆိုခဲ့သည်။
၂၀၂၁ ခုနှစ် ဧပြီလအတွင်းက အာဆီယံခေါင်းဆောင်များက မြန်မာ့အရေးနှင့်ပတ်သက်ပြီး အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် အဖွဲ့အစည်းအားလုံးအကြား အပြုသဘောဆောင်သည့် ဆွေးနွေးပွဲများစတင်ရန် အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် (Five-Point Consensus) ကို ချမှတ်ခဲ့ကြသည်။။
အရှေ့တီမော သမ္မတ ရာမို့စ်ဟော်တာက အာဆီယံဘုံသဘောတူညီချက် ၅ ချက်သည် “ခိုင်မာသည့် မူဝါဒ” တစ်ခုဖြစ်ကြောင်း၊ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန်အတွက် မတူညီသည့် အဖွဲ့အစည်းများအားလုံး အတူတူထိုင်ပြီး အနှစ်သာရရှိသည့် ဆွေးနွေးမှုမျိုး လုပ်ဆောင်ရန်လိုအပ်ကြောင်း ထောက်ပြသည်။
“မြန်မာနိုင်ငံက တပ်မတော် (စစ်တပ်)၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်း ဆောင်တွေအားလုံးနဲ့ ဒီမိုကရေစီအတိုက်အခံတွေ အားလုံး တဲတစ်လုံးထဲမှာ အတူတူလာဆုံကြရန် ဖြစ်နိုင်ပါသလား။ ကြိုတင်ကန့်သတ်ချက်တွေမရှိ၊ အစီအစဉ်ချမထားဘဲ တွေ့ဆုံကြဖို့ ဖြစ်ပါတယ်” ဟု အရှေ့တီမောသမ္မတက ဆိုသည်။
ယင်းအပြင် အရှေ့တီမောသမ္မတ ရာမို့စ်ဟော်တာက မြန်မာ့အရေး တွေ့ဆုံဆွေးနွေးပွဲမျိုး ဖြစ် မြောက် လာစေရန်အတွက် အရှေ့တောင်အာရှဒေသတွင်းမှ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦးဦးက လမ်းညွှန်ကူညီပေးနိုင်ကြောင်း အကြံပြုခဲ့ပြီး အဆိုပါ လမ်းညွှန်ပေးမည့်သူမှာ ကြယ်လေးပွင့်အဆင့်ရှိသည့် စစ်ဗိုလ်ချုပ်ကြီးတစ်ဦး သို့မဟုတ် အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်နိုင်ကြောင်း ထည့်သွင်းပြောဆိုသည်။
အရှေ့တီမောနိုင်ငံသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ထိတွေ့ဆက်ဆံပြီး မြန်မာစစ်ဗိုလ်ချုပ်များကို တီမောနိုင်ငံအတွင်း စစ်ရာဇဝတ်မှုများဖြင့် အမှုဖွင့်ထား ခြင်းကို လက်ခံထားသော နိုင်ငံလည်းဖြစ်ကာ မြန်မာစစ်တပ်နှင့်သံတမန်ရေး တင်းမာမှုများဖြစ်ပွားနေသော အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုလည်းဖြစ် သည်။




