မင်းတပ်မြို့ ဆည်မြောင်းရုံးဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများကို စစ်တပ်က မီးရှို့ဖျက်ဆီး
ရန်ကုန်၊ နိုဝင်ဘာ ၄
ချင်းပြည်နယ်၊ မင်းတပ်မြို့ ဆည်မြောင်းရုံးဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်းတွင် မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မင်းတပ်မြို့ အနောက်ရပ်ကွက်ရှိ ဆည်မြောင်းရုံးဝင်းအတွင်းမှ ဝန်ထမ်းအိမ်ရာများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အဆောက်အဦးရှိ ပျဥ်ပြား တချို့ကို ထင်းအဖြစ် အသုံးပြုရန် ယူဆောင်သွားကြောင်း မင်းတပ်ဒေသခံ Hkl- Mindat ရဲ့ လူမှုကွန်ယက်တွင် ဖော်ပြထားပြီး နတလ ၁ ကျောင်းအောက်ဘက်ရှိ ပြည်သူနေအိမ် ဝရံတာတွေကိုလည်း ဖျက်ဆီးကာ ယူဆောင်သွားကြောင်း သိရသည်။
မင်းတပ်မြို့ပေါ်မှ နေအိမ်များကို ပြီးခဲ့တဲ့ သြဂုတ်လကစ၍ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ခလရ ၂၇၄ တပ်ရင်း ဝန်းကျင်ရှိ နေအိမ်များကို အဓိကထား မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်း စစ်ကောင်စီ တပ်သားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မင်းတပ်မြို့ပေါ်မှ နေအိမ် ၃၀ မီးလောင် ပျက်စီးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် (မင်းတပ်) က ထုတ်ပြန်ထားသည်။
အောက်တိုဘာ ၁ ရက်နေ့ ညနေပိုင်းတွင် မင်းတပ်မြို့၊ အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲမှ စပြီး မင်းတပ် -မတူပီ ကားလမ်းမကြီးတလျှောက် နေအိမ်များကို အကြမ်းဖက် စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီး မီးငြိမ်းသတ်သည့် မြို့ခံများကိုလည်း သေနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တင်ဘာလ နှစ်လအတွင်း မင်းတပ်မြို့၊ ခလရ ၂၇၄ တပ်ရင်းက မီးရှို့ဖျက်ဆီးခြင်းကြောင့် လူနေအိမ် ၃၆ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ မင်းတပ်မြို့သည် အကြမ်းဖက် စစ်တပ် အာဏာမသိမ်းမီက လူဦးရေ ၂၀၀၀ ကျော်နေထိုင်သည့် မြို့ဖြစ်ပြီး လက်ရှိအချိန်တွင် မြို့ခံအများစုသည် မြို့ပေါ်မှ အိုးအိမ်များကို စွန့်ခွာပြီး စစ်ဘေးရှောင်နေသည်မှာ နှစ်ချီရှိပြီဖြစ်ကြောင်း သိရှိရသည်။
(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်)