26 C
Yangon

တပ်သားသစ်စုဆောင်းရာတွင် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက လူမိုက်များနှင့်ပျူစောထီးများကို ငွေကြေးပေး၍ လူငယ်များကို ဖမ်းဆီးခိုင်းမှုများ အလွန်များပြားလာ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

မြန်မာနိုင်ငံတစ်ဝန်း စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်များ စုဆောင်းရာတွင် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက လူမိုက်များနှင့် ပျူစောထီးများကို ငွေ ကြေးပေး၍ လူငယ်များကို ဖမ်းဆီးခိုင်းမှုများ အလွန်များပြားလာနေကြောင်း ဖမ်းဆီးခံရသောလူငယ်များ၏ မိဘဆွေမျိုးများ၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

အထူးသဖြင့် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးကားဝင်းတွင် အောက်တိုဘာလအတွင်း ခရီးသွားလူငယ်အများအပြားကို ပေါ်တာဆွဲ ဖမ်းဆီး၍ စစ်တပ်ထဲသို့ ပို့ဆောင်ခဲ့သူများမှာ လှိုင်သာယာမြို့နယ် အခြေစိုက် လူမိုက်များ၊ ပျူစောထီးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တို့ပါဝင်ကြောင်း သိရှိရသည်။

“လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးကြည်သာဇော်ရဲ့ ခိုင်းစေချက်အရ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆန်းမြင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နေလင်းမိုး၊ ကစင်ကျေးရွာအုပ်ချုပ်ရေးမှူး ကိုထက်တို့က လက်သပ်မွေးထားတဲ့ လူမိုက်တွေ၊ ပျူစောထီးတွေကို တပ်သားသစ်စုဆောင်းဖို့နဲ့ တပ်သား သစ် တစ်ဦးရရင် အနည်းဆုံး ၁၅ သိန်းပေးတယ်။ အဲဒီအဖွဲ့တွေက နေရာတိုင်းမှာ လူငယ်တွေကို ဖမ်းဆီးပြီး တပ်သားသစ်စုဆောင်းနေတာ။ ဒဂုံဧရာအဝေးပြေးဝင်းမှာ လူငယ်တွေကို ဖမ်းဆီးပြီး တပ်ထဲပို့တာကလည်း သူတို့လက်ချက်ပါပဲ။ အခု မူးယစ်ဆေး၊ လောင်းကစား၊ WY စိတ်ကြွဆေးတွေ အရောင်း အဝယ်တွေကိုလည်း လိုင်းကြေးယူပြီးလုပ်စားနေကြတယ်။ လှိုင်သာယာအရှေ့ပိုင်း ၂ ရပ်ကွက်ထဲမှာ မှုးယစ်ဆေးအရောင်းအဝယ်တွေက ဖမ်းဆီးမှုမရှိဘဲ ဖြစ်ချင်တိုင်းဖြစ်နေတယ်။ ” ဟု လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ သတင်းရင်းမြစ်က ပြော ဆိုသည်။

လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးဝင်းတွင် လူငယ်များကို ဖမ်းဆီး ပေါ်တာဆွဲကြသူများမှာ အဖွဲ့ဝင် ၂၅ ဦးပါဝင်သော အဖွဲ့ဖြစ်ပြီး လှိုင်သာယာတစ်ဝန်းမှ လူမိုက်များ၊ ပျူစောထီးများပါဝင်ကြောင်း၊ အောက်တိုဘာလအတွင်း တစ်ရက်တည်းတွင်ပင် ခရီးသွားလူငယ် အမျိုးသား ၆၄ ဦး ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြကြောင်း၊ ဒဂုံဧရာအဝေးပြေးဝင်းအတွင်းတွင် ဖမ်းဆီးခံရသော လူငယ်များအနက်မှ ငွေကြေးပေးနိုင်သူ လူငယ်တချို့မှာ လှိုင်သာယာမြို့နယ်၊ စစ်သားစုဆောင်းရေးတပ်များထံမှ ပြန်လည် လွတ်မြောက်ခဲ့ကြောင်း ဖမ်းဆီးခံ လူငယ်တစ်ဦး၏ မိဘက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ပုသိမ်ကနေ ရန်ကုန်မှာ ဆေးခန်းသွားပြရင်းနဲ့ ဒဂုံဧရာအဝေးပြေးဝင်းမှာ သားကို ဖမ်းသွားတာ။ နောက်တော့ ဖုန်းအဆက်အသွယ်ရတာက သိန်း ၅၀ ပေးရင် ပြန်လွှတ်ပေးမယ်ဆိုပြီး ဖုန်းရတယ်။ ဖုန်းနဲ့ စကားပြောခွင့်ရပြီး တွေ့ခွင့်လည်းရတယ်။ သိန်း ၅၀ လွှဲတော့ ပြန်လွတ်လာပါတယ်။ မရှိ၊ ရှိတာ ချေးငှားပြီး ပြန်ရွေးခဲ့တာပါ။ လှိုင်သာယာ ခမရ ၅၃၂ တပ်ရင်းမှာ ပြန်ရွေးခဲ့ရတာ” ဟု ပုသိမ်မှ ဖမ်းဆီးခံခဲ့ရသော လူငယ်တစ်ဦး၏ မိခင် အထက်တန်းပြ ကျောင်းဆရာမတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် စစ်တပ်၊ ရဲ အပါအဝင် ဝန်ကြီးဌာနပေါင်းစုံနှင့် အုပ်ချုပ်ရေးအဖွဲ့များက လူစားထိုးမည့် တပ်သားသစ်များ ရရှိရေး လူမိုက်များနှင့်ပျူစောထီးများအဖွဲ့များက ဖမ်းဆီးလာသော လူငယ်များကို ဝယ်ယူအစားထိုးကြကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်များ အခြေစိုက်ရာ ပြင်ဦးလွင်မြို့နယ်အတွင်းတွင်လည်း စစ်မှု ထမ်း တပ်သားသစ်အတွက် လူသစ်စုဆောင်းရာတွင် လူမိုက်များနှင့်ပျူစောထီးများက ဖမ်းဆီးလာသော လူငယ်များကို သိန်း ၇၀ မှ သိန်း ၈၀ ထိ ပေး၍ ဝယ် ယူခြင်း၊ တပ်သားသစ်အတွက် လူစားထိုးပေးခြင်း ၊ မှတ်ပုံတင်မရှိသော တပ် သားသစ် လူငယ်များကို လဝက နှင့်ပေါင်း၍ နေ့ချင်းပြီး မှတ်ပုံတင် အမြန်ဆောင်ရွက်ပြီး တပ်သားသစ်အတွက် လူအစားထိုးပေးသည့် ဝန်ဆောင်မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

“တစ်ရပ်ကွက်ကို လူငယ် ၂ ဦး လစဉ် တောင်းနေတာ။ တချို့ရပ်ကွက်တွေက လူမပေးနိုင်တော့ ရပ်ကွက်မှာ ငွေကောက်ပြီး ဖြေရှင်းကြတယ်။ စစ်မှု ထမ်းလူသစ်တွေကို ထောက်ပံ့ပေးဖို့ဆိုပြီး မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ အိမ်ရှင် အိမ်ဌား မိသားစုတစုလျှင် ငွေကျပ် ၅၀၀၀ မှ ၁၀၀၀၀ ကျပ်ထိ ကောက်ခံပါတယ်။ ရပ်ကွက်တွေထဲမှာ စကစလက်အောက်ခံ အုပ်စုမှူး၊ ရာအိမ်မှူးတွေက လိုက်လံကောက်ခံနေပါတယ်။ ရပ်ကွက်တစ်ခုနဲ့တစ်ခု ကောက်ခံပုံစျေးနှုန်းကွာခြားပါတယ်။ တချို့ရပ်ကွက်ကျေးရွာတွေမှာ တစ်အိမ် ၃၀၀၀၀ ကျပ်အထိ ကောက်ခံပြီး အထက်ကိုတင်ပြရင် ကျပ် ၅၀၀၀ နှင့် ၁၀၀၀၀ သာ တင်ပြကြပါတယ်” ဟု ပြင်ဦးလွင်မှ ဒေသပြည်သူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် ဇလုတ်ကြီးကျေး ရွာနှင့် အဖျောက်ကျေးရွာတို့တွင်လည်း စစ်မှုထမ်းအတွက် ငွေကြေးကောက်ခံခြင်းနှင့် ဆင်းရဲသော မိသား စုများမှ လူငယ်များကို အတင်းအကျပ် ငွေကြေးပေး၍ လူစားထိုး တပ်သား သစ်များအဖြစ် စုဆောင်းခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများက ဆိုကြသည်။

မကွေးတိုင်း၊ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ဧရာ၀တီတိုင်း၊ ဓနုဖြူမြို့နှင့်ကျုံပျော်မြို့နယ်တို့တွင် လူမိုက်များနှင့်ပျူစောထီးများက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး၍ စစ်တပ်ထံသို့ အပ်နှံမှုများ များပြားလျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်မြို့မှ ပျူစောထီး၊လူမိုက်တချို့ ညပိုင်း ကင်းလှည့်နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်မြို့မှ ပျူစောထီး၊လူမိုက်တချို့ ညပိုင်း ကင်းလှည့်နေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article