34 C
Yangon

ဒလမြို့နယ်တွင် စစ်မှုထမ်းမည့် လူမပေးနိုင်လျှင် ကျေးရွာတစ်ရွာ ငွေကျပ် သိန်း ၁၀၀ ပေးရမည်ဟု စစ်တပ်က တောင်းခံသဖြင့် ပြည်သူများထံမှ ငွေကြေးများ အဓမ္မကောက်ယူနေ၊ နိုင်ငံတစ်ဝန်း စစ်မှုထမ်းအကြောင်းပြ ငွေကြေးခြိမ်းခြောက်တောင်းခံမှု များစွာ ဖြစ်ပွားနေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင် စစ်မှုထမ်းမည့် တပ်သားသစ် မပေးနိုင်ပါက ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း ၁၀၀ ပေးရမည်ဟု အကြမ်းဖက် စစ်တပ်က တောင်းခံနေသဖြင့် ပြည်သူများထံမှ ငွေကြေးများ အတင်းအဓမ္မကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဒလမြို့နယ်၊ အနိုးချောင်းလေးကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး အေးဝင်းနှင့် အပေါင်းအပါများက ပြည်သူများထံမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၃ သောင်းမှ ၅ သောင်းအထိ လိုက်လံကောက်ခံနေကြောင်း၊ ထိုသို့ ကောက်ခံရာတွင် စစ်မှုထမ်းမည့် တပ်သားသစ် စုဆောင်းရန်အတွက်ဖြစ်ပြီး လူမပေးနိုင်သည့်အတွက် ထိုသို့ ကောက်ခ့ရခြင်းဖြစ်ကြောင်း၊ ငွေ​ကြေးမပေးနိုင်သည့်သူများကို လက်မှတ်ထိုးပြီး စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်နေ​ကြောင်း သိရှိရသည်။

“လူမပေးနိုင်လို့ တပ်သားသစ်ရှာဖို့ ကျေးရွာတစ်ရွာကို သိန်း ၁၀၀ စစ်တပ်က တောင်းတယ်။ အဲဒါကြောင့် ပေးဖို့ လိုက်ကောက်တာဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူး အသစ် အေးဝင်းနဲ့ အပေါင်းအပါတွေက တစ်အိမ်ထောင် အနည်းဆုံး ၃ သောင်း၊ ငွေတတ်နိုင်သူဆိုရင် ၅ သောင်းကောက်တယ်။ တစ်လ တစ်ကြိမ်ကောက်မှာ။ မပေးနိုင်တဲ့သူတွေဆိုရင် လက်မှတ်ထိုးခိုင်းတယ်။ စစ်မှုထမ်းဖို့ သဘောတူပါတယ်ဆိုပြီး ခြိမ်းခြောက် လက်မှတ်ထိုးခိုင်းတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၅ ရက်နေ့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အမှတ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် စိန်မောင်ဝင်း၏စေခိုင်းချက်အရ အမှတ် ၇ ရပ်ကွက်ရာအိမ်မှူးဇော်မင်းနိုင်က အမှတ် ၇ ရပ်ကွက်အတွင်းရှိ အဆောင်နေသူမိသားစုများထံမှ အဆောင်နေ အခန်းတစ်ခန်းလျှင် တစ်လလျှင် ငွေကျပ် ၅၀၀၀ နှုန်း ကောက်ခံနေကြောင်း၊ အဆိုပါငွေကြေးသည် စစ်မှုထမ်းမည့် လူငယ်များနှင့်မိသားစုများကို ထောက်ပံ့ရန်ဟု ပြောဆိုကြောင်း၊ ထို့ပြင် ဧည့်စာရင်းတိုင်ခ အဖြစ်လည်း ငွေကြေးမြောက်မြားစွာ တောင်းယူလျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဆင်းတုန်းကျေးရွာအုပ်စု၊ ကြိမ်ပင်ဆည်ကျေးရွာမှ ရာအိမ်မှူးသောင်းထွန်း၊ စိုးသီဟ၊ တင့်လွင်ဦးတို့က စစ်မှုထမ်းမည့်သူများကို ငွေကြေးထောက်ပံ့ရန်၊ လူသစ်အစားထိုးရန် အတွက်ဟုဆိုကာ အကြောင်းအမျိုးမျိုးပြ၍ ကျေးရွာအတွင်းရှိ ပြည်သူများထံမှ လစဉ် ငွေကျပ် သောင်းဂဏန်းကောက်ယူနေကြောင်း၊ ငွေကြေးမထည့်ဝင်သူများကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ပို့ဆောင်ကာ ဖမ်းဆီးထောင်ချမည်ဟု ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

“ရွာမှာက အခုက ဘယ်သူမှ စားဝတ်နေရေး အဆင်မပြေဘူး။ စပါးတွေလည်းမဖြစ်၊ ရေတွေကြီးနဲ့ ဒီလောက်ဒုက္ခရောက်နေတာကို ပြည်သူတွေဆီက ငွေ လစဉ်လာတောင်းတယ်။ မပေးနိုင်ရင် ကြိမ်းမောင်း ဆူဆဲပြီးတော့ ဖမ်းမယ် ထောင်ချမယ်ဆိုတော့ မဖြစ်မနေ ပေးရတာပဲ” ဟု ကြိမ်ပင်ဆည်ကျေးရွာမှ ပြည်သူတစ်ဦးကရှင်းပြသည်။

ယင်းအပြင် ပဲခူးတိုင်း၊ ဝက်ထီးကန်မြို့နယ်၊ တလုပ်ပင်ကျေးရွာအုပ်စုတွင်လည်း နိုဝင်ဘာလ ၆ ရက်နေ့ ကျေးရွာအုပ်ချုပ်ရေးမှူး သန်းဇော်၊ ရာအိမ်မှူး လှမိုးတို့က စစ်သားများနှင့်အတူ ငွေကြေးလိုက်လံကောက်ခံကြောင်း၊ တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၅၀၀၀ ကျပ် ထည့်ဝင်ခိုင်းပြီး ယင်းငွေကြေးမှာ တလုပ်ပင်ကျေးရွာအုပ်စုအတွင်း စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ မလုပ်ဆောင်ရေး ကောက်ခံခြင်းဖြစ်သည်ဟု တရားဝင်ပြောဆို ငွေကြေး တောင်းခံကြောင်း သိရှိရသည်။

“စစ်သားနဲ့အုပ်ကြီးတွေနဲ့ ပေါင်းပြီး လိုက်ကောက်တာ။ လူငယ်မရှိတဲ့ အိမ်လည်း ပေးရပါတယ်။ အိမ်တိုင်းတောင်းတာ။ ပေါ်တာမဆွဲအောင် ပေးရတာလို့ ပြောတယ်။ ပထမ အုပ်ကြီးရဲမြင့်နဲ့ ရာအိမ်မှူး စန်းလွင်က နုတ်ထွက်သွားပြီးတော့ အခု အုပ်ကြီး သန်းဇော်နဲ့ ရာအိမ်မှူး လှမိုးက အစားထိုးဝင်လာတာ။ စစ်သားတွေပါ ရွာမှာ ခေါ်ထားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် ကျုံမငေးမြို့တွင်လည်း စစ်မှုထမ်းမည့် လူငယ်များနှင့်မိသားစုများအတွက်ဟုဆိုကာ လစဉ် ငွေကြေးများကောက်ခံခြင်းများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်ပြီး ယင်းသို့ ပေးချေမှုမှာလည်း စစ်တပ်နှင့် အဆင်ပြေစေရန်ဖြစ်၍ ပြည်သူများ မငြိုမငြင်ပေးကြရန်ဟုဆိုကာ အုပ်ချုပ်ရေးအဖွဲ့များက စည်းရုံးငွေကြေးကောက်ခံနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်မှုထမ်းအဖြစ် စုဆောင်းခံရသည့် လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်းအဖြစ် စုဆောင်းခံရသည့် လူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article