32 C
Yangon

စစ်အုပ်စု၏ ရက်စက်မှုများရပ်တန့်ရန်၊ ပြည်သူ့ အသက်အိုးအိမ်ကို ကယ်တင်ပေးရန် လုံခြုံရေးကောင်စီက ထိရောက်စွာ ဆောင်ရွက်ရေး တောင်းဆိုမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အဆိုတစ်ခု ဆုံးဖြတ်ချမှတ်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

Must read

🟥မြန်မာအရေးကိစ္စကို အပြည်ပြည် ဆိုင်ရာ ရာဇဝတ် ခုံရုံးသို့ တင်သွင်းရေး ပြတ်သားစွာ လုပ်ဆောင်သင့်

ရန်ကုန်၊ နိုဝင်ဘာ ၈

မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများရပ်တန့်ရန်၊ ပြည်သူများ၏ အသက်အိုးအိမ်ကို ကယ်တင်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထိရောက်စွာ ဆောင်ရွက်ရေး တောင်းဆိုမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အဆိုဆုံးဖြတ်ချက်တစ်ခု ချမှတ်ပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်သည်။

နိုဝင်ဘာလ ၅ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေး၌ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ အထွေထွေဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာ့အရေးတွင် ကုလသမဂ္ဂ အထွေထွေညီလာခံအနေဖြင့် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင် နိုင်မည် ယုံကြည်ကြောင်း၊ တတိယကော်မတီတွင်လည်း ခိုင်မာသည့် မြန်မာနိုင်ငံဆိုင်ရာ အဆို ဆုံးဖြတ်ချက် ချမှတ်ရေးသည်လည်း အထူး အရေးပါကြောင်း၊ တစ်ပြိုင်တည်းမှာ ပင် စစ်အုပ်စု၏ ရက်စက်ကြမ်း ကြုတ်မှုများကို ရပ်တန့်ရန်နှင့် အရပ်သားပြည်သူများ၏ အသက်အိုးအိမ်ကို ကယ်တင်ပေးရန် လုံခြုံရေးကောင်စီမှ ထိရောက်စွာ ဆောင်ရွက်ရေး အား တောင်းဆိုနိုင်မည့် အထွေထွေညီလာခံ အဆိုဆုံးဖြတ်ချက်တစ်ခု ချမှတ်ရေးကို လည်း စဉ်းစားရမည်ဖြစ်ကြောင်း သံအမတ်ကြီးက တိုက်တွန်းသည်။

မတရား စစ်အာဏာသိမ်းထားသည့် နှစ်ကာလများတစ်လျှောက်တွင် စစ်အုပ်စု အနေဖြင့် အာဏာ ဆုံးရှုံး၍ နယ်မြေအုပ်စိုးမှု မရှိတော့သည်နှင့်အမျှ နိုင်ငံတစ်ဝှမ်းရှိ အရပ်သား ပြည်သူများ အပေါ် စစ်မက်ပြုခြင်းကို ချဲ့ထွင်လာခဲ့၊ လူမဆန်သည့် စစ်ကောင်စီနှင့် ၎င်း၏ တပ်သားများက လူအများ သေကြေ ပျက်စီးနိုင်သည့် ရက်စက်ကြမ်းကြုတ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ် အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများကို နေ့စဉ် ကျူးလွန်လျက်ရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောဆိုသည်။

ထို့ကြောင့် မည်သူတစ်ဦးတစ်ယောက်ကမျှ မြန်မာပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခများကို သေးသိမ်စေရန်လုပ်ဆောင်ခွင့်မရှိ၊ မရေမတွက်နိုင်သော ဘဝများ မှာ ယခင်က မကြုံတွေ့ဖူးသည့် အခြေအနေများဖြင့် ဖျက်ဆီးခံထားရပြီးဖြစ်ကြောင်း၊ မြန်မာပြည်သူများက ၎င်းတို့၏ ဆန္ဒအမှန်ကို လွတ်လပ်၍ မျှတသော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှ တဆင့် ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ကြောင်း၊ စစ်ကောင်စီ အနေဖြင့် ပြည်သူများ၏ မျှော်မှန်းချက်ကို အတိအလင်း လစ်လျူ ရှုခဲ့ကြောင်း၊ အဆိုပါ စစ်အုပ်စု အနေဖြင့် တရားဥပဒေကြောင်းနှင့် ကိုယ်ကျင့်တရားတို့အရ အတုအယောင် ရွေးကောက်ပွဲ ကျင်းပနိုင်သည့် အခွင့်အာဏာ မရှိကြောင်း၊ ၎င်းတို့ ကျင်းပမည့် မည်သည့် ရွေးကောက်ပွဲ မဆို လွတ်လပ်၊ မျှတ၍ အားလုံး ပါဝင်မှု ရှိမည်မဟုတ်ဘဲ ပဋိပက္ခများကိုသာ ပိုမိုရှည်လျားစေမည်ဖြစ်ကြောင်း၊ မြန်မာ ပြည်သူများအနေဖြင့် အဆိုပါ အတုအယောင် ရွေးကောက်ပွဲအား အပြင်းထန်ဆုံး ကန့်ကွက်သကဲ့သို့ နိုင်ငံတကာအသိုက်အဝန်းမှလည်း အလားတူ လုပ်ဆောင်ရန် သံအမတ်ကြီးက ထောက်ပြ ပြောဆိုသည်။

ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံအရေးကိစ္စသည့် ကမ္ဘာပေါ်၌ ဖြစ်ပျက်နေ သော အခြားသောတင်းမာမှုများအကြား၌ မကြာခဏဆိုသလို မှေးမှိန်ပျောက်ကွက်လျက် ရှိကြောင်း၊ သို့ရာတွင် မြေပြင်၌ ဖြစ်ပွားနေသည့်အခြေအနေများမှာ မကောင်းရာမှာ ဆိုးရွား၊ ဆိုးရွားရာမှ ထိတ်လန့်ဖွယ်အဆင့်သို့ပင် ပြောင်းလဲရောက်ရှိနေကြောင်း ၎င်းက သတိပေးသည်။

အခြားတစ်ဖက်တွင်လည်း ရိုဟင်ဂျာများနှင့် အခြားသော လူနည်းစုများ၏ ဒုက္ခသည် လည်း မတရား စစ်အာဏသိမ်းမှု နောက်ပိုင်းတွင် သာလွန်ဆိုးရွားသည့်အဆင့်သို့ ရောက်ရှိ လာခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အခြားသော ဒေသတွင်းနိုင်ငံများအနေဖြင့် ဒုက္ခသည် ဦးရေ မြင့်တက်လာမှု၏ဒဏ်ကြောင့် ဝန်တာပိနေရကြောင်း၊ သို့ရာတွင် ပြည်တွင်း၌ ကျူးလွန်သူများအား အရေးမယူနိုင်ပါက အဆိုပါ အုပ်စုများမှ ဘေးကင်းလုံခြုံစွာ၊ သိက္ခာရှိစွာနှင့် ဆန္ဒအလျောက် နေရပ်ပြန်နိုင်မည့် ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးနိုင် မည် မဟုတ်ကြောင်း၊ မည်သို့ပင်ဆိုစေ စစ်အုပ်စုက ၎င်းတို့လုပ်ဆောင်ချက်များအား နောက်ပြန်လှည့်နိုင်သည့် အရိပ် အယောင် စိုးစဉ်းမျှ မပြထားကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုက်အဝန်း၏ တောင်းဆိုချက်များကို ပြောင်ပြောင်တင်းတင်း မျက်ကွက်ပြု ထားလျက် ရှိကြောင်း၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နှင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို ၂၆၆၉ တို့က ပြဿနာအား ဖြေရှင်းပေးရန် ရည်ရွယ်ထားသော်လည်း စစ်ကောင်စီ အနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်များပါ ပြဋ္ဌာန်းချက်များကို အကောင်အထည် ဖော်မည့် ဆန္ဒ အလျဉ်းမရှိကြောင်း သံအမတ်ကြီးက ပြောသည်။

စစ်ကောင်စီနှင့်တကွ ၎င်း၏ အနွယ်အပွားများကိုလည်း တာဝန်ခံမှု ရှိစေရမည် ဖြစ်ပြီး နစ်နာသူများနှင့် ၎င်းတို့၏ မိသားစုများအတွက်လည်း တရားဥပဒေကြောင်းအရ မျှတမှုဖြင့် ပြန်လည်ကုစားပေးရမည်ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး မှ တောင်းဆိုထားသည့် မြန်မာအရေးကိစ္စ တစ်စုံလုံးအား အပြည်ပြည် ဆိုင်ရာ ရာဇဝတ် ခုံရုံးသို့ တင်သွင်းရေးအတွက် ပြတ်သားစွာ လုပ်ဆောင်သင့်ကြောင်း၊အကြမ်းဖက်မှုစက်ဝန်းအား ရပ်တန့်ရန်နှင့် တာဝန်ခံမှု​ ရှိစေရန် ပြစ်ဒဏ်ကင်းလွတ်ခွင့် အား ချုပ်ငြိမ်းခြင်းအပြင် အခြားသော နည်းလမ်း မရှိ

ကြောင်း၊ သို့ဖြစ်ရာ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားမှ သက်သေ အထောက်အထားများ စုဆောင်းနိုင်ရေးအတွက် လိုအပ်သည့် အရင်းအမြစ်များ ထောက်ပံ့ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ၎င်းက တိုက်တွန်းတောင်းဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article