28 C
Yangon

မြန်မာနိုင်ငံတွင် အဓမ္မစစ်မှုထမ်းခိုင်းစေခြင်း ၊အလုပ်သမား၊ အလုပ်ရှင်နှင့်လူ့အခွင့်အရေး ချိုးဖောက် နေသော စစ်ကောင်စီကို ILO ၏ Article 33 အရ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုဖြင့် အရေး ယူရေး အတည်ပြုရန် စာတမ်းတင်ခိုင်း

Must read

မြန်မာနိုင်ငံတွင် အဓမ္မစစ်မှုထမ်းခိုင်းစေခြင်း ၊အလုပ်သမား၊ အလုပ်ရှင်နှင့်လူ့အခွင့်အရေး ချိုးဖောက် နေသော စစ်ကောင်စီကို ILO ၏ Article 33 အရ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုဖြင့် အရေး ယူရေး အတည်ပြုရန် စာတမ်းတင်ခိုင်း

ရန်ကုန်၊ နိုဝင်ဘာ ၉

မြန်မာနိုင်ငံတွင် စစ်တပ်က အဓမ္မစစ်မှုထမ်းခိုင်းစေခြင်း ၊အလုပ်သမား၊ အလုပ်ရှင်နှင့်လူ့အခွင့် အရေး ချိုးဖောက်နေမှုများ ကျူးလွန်နေကြောင်း ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO က ထပ်မံအတည်ပြုလိုက်ပြီး ILO၏ Article 33 အရ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုဖြင့် အရေးယူရေး အတည်ပြုရန် စာတမ်းတင်ပြခိုင်းထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၏ ဥက္ကဋ္ဌ ဦးမောင်မောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့ပြီဖြစ်သော ILO အုပ်ချုပ်ရေးအဖွဲ့၏ အစည်းအဝေးတွင် မြန်မာနိုင်ငံတွင် စစ်ကောင်စီက အဓမ္မစစ်မှုထမ်းခိုင်းခြင်း၊ အလုပ်သမား၊ အလုပ်ရှင်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အလုပ်သမားသမဂ္ဂများကို နှိပ်ကွပ်မှုများ အပါအဝင် ဖောက်ဖျက်ကျူးလွန်မှုများစွာ ကျူးလွန်နေသည်ကို ထပ်မံ အတည်ပြုခဲ့ကြောင်း၊ ထို့ကြောင့် လာမည့် ၂၀၂၅ ခုနှစ် မတ်လတွင်ပြုလုပ်မည့် ILO အုပ်ချုပ်ရေးအဖွဲ့၏ အစည်းအဝေးတွင် စစ်ကောင်စီကို ILO အခြေခံဥပဒေ အမှတ် ၃၃ ဖြင့် အလုံးစုံ စီးပွားရေးပိတ်ဆို့အရေးယူရေး ချမှတ်ရန် စာတမ်းတင်ပြခိုင်းထားကြောင်း ၊ လာမည့် ၂၀၂၅ ခုနှစ် ဇွန်လအတွင်း ကျင်းပရန်ရှိနေသည့် ILO ညီလာခံတွင် အတည်ပြုရန် ရှိနေကြောင်း သိရှိရသည်။

“ဆုံးဖြတ်ချက်ချတဲ့ဟာက အဓိက ကျတာက ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့ အခြေခံဥပဒေ အမှတ် ၃၃။ အတိုကောက်ပြောရင် အင်္ဂလိပ်လိုတော့ Article 33 ပေါ့။ Article 33 က ဘာကို ပြောတာလဲဆိုရင် ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင် အလုပ်ရှင်လည်း ရှိတယ်၊ အလုပ်သမားလည်း ရှိတယ်၊ အစိုးရလည်း ရှိတယ်။ ဒီအဖွဲ့ဝင်တွေက ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်မှာ အဖွဲ့ဝင်ထားပြီးတဲ့ နောက်မှာ ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်က စံထားတဲ့ နှုန်းတွေကို မလိုက်နာဘူး ၊ အကြံပြုပြီး ပြုပြင်ပြောင်းလဲပါလို့ ပြောတာကို မလိုက်နာလို့ရှိရင် Article 33 အရ အရေးယူလို့ရတယ်ဆိုတဲ့ အခြေခံဥပဒေရှိပါတယ်။ အဲဒီအခြေခံဥပဒေကို စတင်ပြီးတော့ လာမယ့် ၂၀၂၅ မတ်လမှာ လုပ်မယ့် ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့ချုပ်ရဲ့ အုပ်ချုပ်မှုကော်မတီ အစည်းအဝေးမှာ အတည်ပြုဖို့ကို စာတမ်းရေးပါလို့ ပြောထားပါတယ်။ အဲဒီလို စာတမ်းရေးပြီးတဲ့ နောက်မှာ ၂၀၂၅ ဇွန်လမှာ လုပ်မယ့် ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့ ညီလာခံမှာ ဒါကို အတည်ပြုပြီးတဲ့နောက် စစ်အုပ်စုပေါ်မှာ အရေးယူဖို့ဆိုတာကို ပြောထားပါတယ်” ဟု ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကို ILO ၏ Article 33 အရ အလုံးစုံ စီးပွားရေးပိတ်ဆို့မှု အရေးယူဆောင်ရွက်ပြီးပါက နောက်ဆက်တွဲ ICC ခုံရုံးတွင် တရားစွဲဆိုရေး အပါအဝင် စစ်ဗိုလ်ချုပ်များ ကျူးလွန်သော ပြစ်မှုများအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ အရေးယူမှုများကိုပါ ဆက်လက် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

” စစ်အုပ်စုသည် အဓမ္မလုပ်အားပေးမှု၊ ရွာတွေကို ဗုံးကြဲမှု၊ ကလေးအလုပ်သမားတွေ ခိုင်းစေမှု၊ ဒီဟာတွေ အားလုံးကို ဆက်လက်ပြီး ကျူးလွန်နေတယ်။ လာမယ့် ၂၀၂၅ ကျရင်တော့ ဆက်လက်ပြီးတော့ ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ကနေ တစ်ဆင့် ဒီ Article 33 ကို အသုံးပြုပြီးတော့ စီးပွားရေး ပိတ်ဆို့မှုတွေ၊ ဒီ အပြည်ပြည်ဆိုင်ရာ ခုံရုံးတွေမှာ တရားစွဲတဲ့ အမှုတွေ ၊ နောက်ထပ်တစ်ခါ သူတို့နဲ့ ပုဂ္ဂိုလ်ရေးရာဆိုင်တဲ့ ကိစ္စတွေကို ဆက်လက်လုပ်သွားလို့ ရမယ်လို့လည်း ကျွန်တော်တို့က မျှော်မှန်းပါတယ်” ဟု ဦးမောင်မောင်က ဆိုသည်။

လက်ရှိ စစ်ကောင်စီက အသက်သွင်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေကို ILO က အဓမ္မလုပ်အားပေးမှုမြောက်ကြောင်း ဆုံးဖြတ်ထားပြီး ယင်းစစ်မှုထမ်းဥပဒေကြောင့် လူငယ်ပေါင်းသောင်းချီ၍ ထွက်ပြေးနေရကြောင်း ၎င်းက ဆိုသည်။

“ဖေဖော်ဝါရီလ ၁၀ ရက်နေ့က လုပ်တဲ့ မတရား စစ်မှုထမ်းတဲ့ ဥပဒေ ။ ဒါကလည်း အဓမ္မလုပ် အားပေး မြောက်ပါတယ်လို့ ILO က ပြောထားပါတယ်။ ဒီအပြင်ကို ထိုင်းမြန်မာ နယ်စပ်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့နောက်ပိုင်းကနေ စက်တင်ဘာ လကုန်အထိ ကောက်ခံတဲ့ စာရင်းက အားလုံးပေါင်း လူ ၇၇၀၀၀ ကျော်ပါတယ်။ အဲဒီ စာရင်းတွေလည်း ကျွန်တော်တို့ တင်ပြပါတယ်။ အိမ်နီးချင်းနိုင်ငံကိုလည်း ကျွန်တော်တို့ ပြောပြပါတယ်။ ငါတို့ လူတွေက အထောက်အထား မရှိဖြစ်ရတာက အထောက်အထားလုပ်ဖို့ အချိန်မရှိဘူး ထွက်ပြေးရတာ ။ အိမ်တွေမှာ လိုက်ဖမ်းတယ် မဖမ်းနိုင်ရင် တပ်ထဲဝင် ။ မဝင်နိုင်ရင် ပိုက်ဆံပေး။ အဲဒီလို အနေအထားဖြစ်တဲ့အတွက်ကြောင့် ငါတို့ကို ရန်မလုပ်ပါနဲလို့ ကျွန်တော်တို့ အကူအညီတောင်းတာ ရှိတယ်။ နောက်ပြီးတော့ စစ်အုပ်စုဟာ ဒီအလုပ်လုပ်တဲ့ အင်အားစုကို မောင်းထုတ်နေတာပါ။ ကျွန်တော်တို့ နိုင်ငံမှာ ဘယ်လိုမှ စီးပွားရေး ပြန်လည်ပြီးတော့ ဦးထောင်လာဖို့ဆိုတာ မလွယ်ဘူး။ ငါတို့က ဘယ်လောက်ပဲ နိုင်ငံရေးတည်ငြိမ်ငြိမ် စက်မှုကုန်ထုတ်ကတော့ ခက်ခဲနေမှာပဲဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော်တို့က လိုက်လံတင်ပြတယ်။ ပြီးတော့ စစ်အုပ်စုကို ဒီလိုနေလို့ မရအောင် ဖိအားပေးဖို့ဆိုတာ ကျွန်တော်က တိုက်တွန်းပါတယ်” ဟု ဦးမောင်မောင်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကို ILO က အလုံးစုံ စီးပွားရေးပိတ်ဆို့မှုပါက နိုင်ငံတွင်းသို့ စီးဆင်းနေသည့် နိုင်ငံခြားငွေကြေးများအားလုံးကို ဖြတ်တောက်နိုင်မည်ဖြစ်ပြီး သန်းရွှေ ဦးဆောင်သော စစ်အာဏာရှင်လက်ထက် ၂၀၀၀ ခုနှစ်တွင်လည်း ILO က မြန်မာစစ်အုပ်စုအပေါ် အလုံးစုံ စီးပွားရေးပိတ်ဆို့မှု အဖြစ် Article 33 အရ အရေးယူခဲ့ဖူးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article