26 C
Yangon

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၏ ဥက္ကဋ္ဌ ဦးမောင်မောင်နှင့်တွေ့ဆုံခြင်း

Must read

“ILO က အဓမ္မ စစ်မှုထမ်းခိုင်းခြင်းသည် အဓမ္မလုပ်အားပေးမှု မြောက်ပါတယ်လို့ ပြောထားပါတယ်။ စစ်အုပ်စုရဲ့ နိုင်ငံတကာမှာ ရှိတဲ့ International Financial Transaction ကို လုံးဝပိတ်ဖို့ လိုပါတယ်။ အဓိကကျတဲ့ စစ်အုပ်စုရဲ့ ငွေကြေးကို ဖြတ်လိုက်ဖို့ ILO အဖွဲ့က ချမှတ်တဲ့ Article 33 ကို အသုံးပြုပြီး ပိတ်မယ်ဆိုရင် တစ်နေရာတည်းမှာ တစ်ချက်တည်းနဲ့ နိုင်ငံအလိုက် Sanction ချထားတာကို အားဖြည့်ပေးမယ့် လုပ်ငန်းပေါ်လာပါမယ်”

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၏ ဥက္ကဋ္ဌ ဦးမောင်မောင်နှင့်တွေ့ဆုံခြင်း

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံတွင် စစ်တပ်က အဓမ္မစစ်မှုထမ်းခိုင်းစေခြင်း ၊အလုပ်သမား၊ အလုပ် ရှင်နှင့်လူ့အခွင့် အရေး ချိုးဖောက်နေမှုများ ကျူးလွန်နေကြောင်း ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် က ထပ်မံအတည်ပြုလိုက်ပြီး ILO၏ Article 33 အရ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုဖြင့် အရေးယူရေး အတည်ပြုရန် စာတမ်းတင်ပြခိုင်းသည့် အခြေအနေများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၏ ဥက္ကဋ္ဌ ဦးမောင်မောင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက မေးမြန်းထားပါသည်။

မေး ။ ။ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO အစည်းအဝေးမှာ မြန်မာအကြမ်းဖက်စစ်ကောင်စီကို အရေးယူဖို့ ဘယ်လိုဆုံးဖြတ်ချက်တွေ ချခဲ့လဲ။

ဦးမောင်မောင် ။ ။ ဟုတ်ကဲ့။ မနေ့တုန်းက နိုဝင်ဘာလ ၆ ရက်နေ့က ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့ ၃၂၅ ကြိမ်မြောက် အုပ်ချုပ်ရေး ကော်မတီကနေပြီးတော့ ဆုံးဖြတ်ချက်ချလိုက်တာပါ။ ဆုံးဖြတ်ချက်ချလိုက်တာက မြန်မာပြည်မှာ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်တာတွေ ရှိတယ်၊ အဓမ္မလုပ်အားပေးတာတွေ ရှိတယ် ဒါတွေကို စစ်အုပ်စုက ကျူးလွန်တယ်။ ကျူးလွန်တာကို ၂၀၂၁ ခုနှစ်ကတည်းက တောက်လျှောက် ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ကို တင်ပြပါတယ်။

၂၀၂၃ မှာတော့ ကျွန်တော်တို့က အလုပ်ရှင် အလုပ်သမား အစိုးရဆိုပြီးတော့ ၃ ပွင့်ဆိုင်အနေနဲ့ တင်ပြပါတယ်။ ဘာလို့လဲဆိုတော့ အခြေခံအခွင့်အရေးချိုးဖောက်ခံရတာက အလုပ်သမားတင်မကပါဘူး။ အလုပ်ရှင်တွေလည်း ပါပါတယ်။ ခဏနေလို့ရှိရင် လုပ်ငန်းတွေကို သိမ်းလိုက်တယ်။ ခဏနေလို့ရှိရင် ရွှေလုပ်တဲ့လူတွေကို ဖမ်းတယ်။ ခဏနေလို့ရှိရင် ငွေလဲလှယ်တဲ့ လူတွေကို ဖမ်းတယ်။ ခဏနေလို့ရှိရင် စပါးကုန်သည်တွေ ဖမ်းတယ်။ ခဏနေရင် လောင်စာလုပ်တဲ့လူတွေကို ဖမ်းတယ်ဆိုတာ ဒါ အလုပ်ရှင်တွေလည်း ချိုးဖောက်ခံရတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က အလုပ်ရှင်တွေရော အလုပ်သမားရော အစိုးရရော NUG နဲ့ တွဲပြီးတော့ တင်ပြပါတယ်။ တင်ပြတဲ့အပေါ်မှာ ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်က အခုလို အုပ်ချုပ်မှုကော်မတီကနေ ဆုံးဖြတ်ချက်ချပေးလိုက်တာ ဖြစ်ပါတယ်။

မေး ။ ။ ဘယ်လို ဆုံးဖြတ်ချက်မျိုးတွေလဲ။

ဦးမောင်မောင် ။ ။ ဆုံးဖြတ်ချက်ချတဲ့ဟာက အဓိက ကျတာက ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့ အခြေခံဥပဒေ အမှတ် ၃၃။ အတိုကောက်ပြောရင် အင်္ဂလိပ်လိုတော့ Article 33 ပေါ့။ Article 33 က ဘာကို ပြောတာလဲဆိုရင် ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင် အလုပ်ရှင်လည်း ရှိတယ်၊ အလုပ်သမားလည်း ရှိတယ်၊ အစိုးရလည်း ရှိတယ်။ ဒီအဖွဲ့ဝင်တွေက ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်မှာ အဖွဲ့ဝင်ထားပြီးတဲ့ နောက်မှာ ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်က စံထားတဲ့ နှုန်းတွေကို မလိုက်နာဘူး ၊ အကြံပြုပြီး ပြုပြင်ပြောင်းလဲပါလို့ ပြောတာကို မလိုက်နာလို့ရှိရင် Article 33 အရ အရေးယူလို့ရတယ်ဆိုတဲ့ အခြေခံဥပဒေရှိပါတယ်။

အဲဒီအခြေခံဥပဒေကို စတင်ပြီးတော့ လာမယ့် ၂၀၂၅ မတ်လမှာ လုပ်မယ့် ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့ချုပ်ရဲ့ အုပ်ချုပ်မှုကော်မတီ အစည်းအဝေးမှာ အတည်ပြုဖို့ကို စာတမ်းရေးပါလို့ ပြောထားပါတယ်။ အဲဒီလို စာတမ်းရေးပြီးတဲ့ နောက်မှာ ၂၀၂၅ ဇွန်လမှာ လုပ်မယ့် ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့ ညီလာခံမှာ ဒါကို အတည်ပြုပြီးတဲ့နောက် စစ်အုပ်စုပေါ်မှာ အရေးယူဖို့ဆိုတာကို ပြောထားပါတယ် ခင်ဗျာ။

မေး ။ ။ ဒီ စာတမ်းသာ အတည်ပြုပြီးသွားရင် ၂၀၂၅ မှာ စစ်ကောင်စီက အရေးယူခံရတော့မှာပေါ့နော် ဆရာ။

ဦးမောင်မောင် ။ ။ ဟုတ်ကဲ့ပါ ။ ကျွန်တော် တင်ပြချင်တာက အခုအချိန်က ရှက်ဖို့တော့ ကောင်းတာပေါ့နော်။ ကျွန်တော်တို့ နိုင်ငံက နိုင်ငံအနေနဲ့က ဒီလို Article 33 ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့ အခြေခံဥပဒေ ၃၃ အရ အရေးယူခံရတာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်ဆိုတာကို ပြောချင်ပါတယ်။ ၁၉၉၆ ဗိုလ်ခင်ညွန့်တို့ SLORC(န၀တ) ဘဝနဲ့ ရှိတုန်းကလည်း အဲဒီလိုပါပဲ။ အဓမ္မလုပ်အားပေးတွေ ခေါ်တယ် ၊ ပေါ်တာတွေ ဆွဲတယ်။ ရွာသူ ရွာသားတွေအပေါ်မှာ ဒုက္ခပေးတဲ့ အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ အဲဒီတုန်းကတော့ အလုပ်သမားအဖွဲ့ချုပ်အနေနဲ့ ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့ချုပ်ကို သတင်းတွေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ပြီးတဲ့နောက်မှာ သက္ကရာဇ် ၂၀၀၀ မှာ ဒီလိုပဲ ကမ္ဘာအလုပ်သမားရေးရာ အဖွဲ့ချုပ်ကနေပြီးတော့ Article 33 အရ စစ်အုပ်စုအပေါ်မှာ အရေးယူခဲ့ပါတယ်။ အဲဒီအရေးယူတဲ့အပေါ်မှာ မူတည်ပြီးတော့ ဖိအားပေးခဲ့တယ်။

စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ခဲ့တဲ့အတွက်ကြောင့် တဖြည်းဖြည်းနဲ့ ပြောင်းလဲလာတဲ့ အနေအထားဖြစ်သွားပါတယ်။ အခုလည်း မျှော်မှန်းတာကတော့ စစ်အုပ်စုသည် အဓမ္မလုပ်အားပေးမှု၊ ရွာတွေကို ဗုံးကြဲမှု၊ ကလေးအလုပ်သမားတွေ ခိုင်းစေမှု၊ ဒီဟာတွေ အားလုံးကို ဆက်လက်ပြီး ကျူးလွန်နေတယ်။ လာမယ့် ၂၀၂၅ ကျရင်တော့ ဆက်လက်ပြီးတော့ ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ကနေ တစ်ဆင့် Article ၃၃ ကို အသုံးပြုပြီးတော့ စီးပွားရေး ပိတ်ဆို့မှုတွေ၊ ဒီ အပြည်ပြည်ဆိုင်ရာ ခုံရုံးတွေမှာ တရားစွဲတဲ့ အမှုတွေ ၊ နောက်ထပ်တစ်ခါ သူတို့နဲ့ ပုဂ္ဂိုလ်ရေးရာဆိုင်တဲ့ ကိစ္စတွေကို ဆက်လက်လုပ်သွားလို့ ရမယ်လို့လည်း ကျွန်တော်တို့က မျှော်မှန်းပါတယ် ခင်ဗျာ။

မေး။ ။ လတ်တလောမှာရော စစ်ကောင်စီဘက်က သူတို့ အရေးယူမခံရဖို့ ကြိုးပမ်းမှုတွေ ရှိနေလား။

ဦးမောင်မောင် ။ ။ စစ်ကောင်စီဘက်က ရှိပါတယ်။ ၂၀၂၃ မှာဆိုရင် စစ်အုပ်စုရဲ့ အလုပ်သမားဝန်ကြီး ဒုဝန်ကြီးကနေပြီးတော့ လှိုင်သာယာမှာရှိတဲ့ ကနောင် ခန်းမမှာ အလုပ်သမားတွေကို ခေါ်တယ်။ ခေါ်ပြီးတော့ ဘာပြောလဲဆိုတော့ ခင်ဗျားတို့က အလုပ်သမားတွေပဲ ဒီအလုပ်သမားသမဂ္ဂတွေ ဖွဲ့ပေါ့။ ဖွဲ့တဲ့နေရာမှာလည်း ကျွန်တော်တို့ရဲ့အဖွဲ့ချုပ် CTUM ဟာဆိုရင် မှတ်ပုံတင်ထားတဲ့အဖွဲ့ချုပ်ဖြစ်တယ်။ ၂၀၁၅ မှာ မှတ်ပုံတင်ကျထားတဲ့ တစ်ခုတည်းသော အဖွဲ့ချုပ်ဖြစ်ပါတယ်။ အဲဒီထဲက ပုဂ္ဂိုလ်တွေကတော့ အပြည်ပြည်ဆိုင်ရာကို သွားပြီး မဟုတ်မမှန်တဲ့ သတင်းတွေ ပေးတဲ့အတွက် ကျုပ်တို့ကတော့ အရေးယူလိုက်ရတယ်ပေါ့ဗျာ။ ဒါပေမဲ့ အဖွဲ့အစည်းကတော့ ရှိနေတယ်။ အဲဒီအဖွဲ့အစည်းက မပျက်သေးဘူး။ အဖွဲ့အစည်းမှာ ခင်ဗျားတို့ အစားထိုးပြီး ဝင်ပါလားလို့ ကိုဝင်းရှိန် ကိုယ်တိုင်က ပြောတဲ့ လုပ်ငန်းပေါ့ဗျာ။

ဘာလို့ဆို ကျွန်တော်တို့ အလုပ်သမားအဖွဲ့ချုပ် CTUM ဆိုတဲ့ နာမည်နဲ့ ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်မှာ ဝင်ချင်တဲ့အတွက်ကြောင့် သူတို့လုပ်တဲ့ လုပ်ငန်းဖြစ်တယ်။ ပြီးခဲ့တဲ့ လပိုင်းကဆိုလို့ရှိရင် သန်လျင်မှာ ရှိတဲ့ ကျောက်စိမ်းစက်ရုံမှာဆိုရင် အလုပ်သမားတွေကို ခေါ်ပြီးတော့ အဲဒီက မန်နေဂျာကနေ တစ်ဆင့် သူတို့က ဒီမြို့နယ်ခန်းမမှာ ခေါ်ပြီးတဲ့နောက်မှာ Article 33 လုပ်လို့ရှိရင် အလုပ်သမားတွေ အလုပ်ပြုတ်မယ်ဆိုတဲ့ သူတို့ ပြောတယ်ဆိုတဲ့ ကိစ္စတွေ ရှိပါတယ်။

ဒါ့အပြင် သက္ကရာဇ် ၂၀၀၀ တုန်းက အမှုသွားအမှုလာကို နားလည်တဲ့ ပုဂ္ဂိုလ်တွေကို သူတို့ကနေပြီးတော့ ILO ကနေ ပါဝင်ပြီး ပတ်သက်လို့ မရအောင် လုပ်တဲ့ လုပ်ငန်းတွေ ရှိပါတယ်။ စစ်အုပ်စုက အသံတော့ မထွက်ဘူးဗျ။ နိုင်ငံတကာကို ဂရုမစိုက်ဘူးလို့တော့ ပြောတယ်ဗျ။ ဒါပေမဲ့ တကယ်ကျတော့ သက္ကရာဇ် ၂၀၀၀ တုန်းက ဘယ်လိုခံခဲ့ရလဲ သူတို့အတွက်ကြောင့် အကြိတ်အနယ်အောက်မှာ ပြင်နေတဲ့ ကိစ္စတွေ ရှိတယ်။ ပြီးတော့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကို သူတို့အစီရင်ခံစာ တင်ပါတယ်။ ဘယ်နေရာမှာတော့ ဘယ်လောက် အလုပ်သမားသမဂ္ဂဖွဲ့ပြီးပါပြီတို့ ဘာတို့ ။ တကယ်ကျတော့လည်း အဲဒီအလုပ်သမားတွေက အလုပ်သမားတွေ ရွေးကောက်ပြီးတော့ တင်မြှောက်တာ မဟုတ်ဘဲနဲ့ အလုပ်ရှင်က ဖွဲ့ပေးတဲ့ အလုပ်အဖွဲ့တွေသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စစ်အုပ်စုကတော့ ဒါကို အကြိတ်အနယ် အသံမထွက်ဘဲနဲ့ လုပ်နေတယ်လို့ သိရပါတယ်။

မေး ။ ။ CTUM အဖွဲ့အနေနဲ့ စစ်ကောင်စီကို Article 33 နဲ့ ILOက အရေးယူဖို့ ဘာတွေကြိုးပမ်းလုပ်ဆောင်သွားဖို့ ရှိလဲ။

ဦးမောင်မောင် ။ ။ ဟုတ်ကဲ့ ကျွန်တော်တို့က CTUM က ကျွန်တော်တို့ တစ်ဖွဲ့တည်း မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ကဏ္ဍအလိုက် အဖွဲ့ ၉ ဖွဲ့ရှိပါတယ် အပြင်ကို ကျွန်တော်တို့မှာ ၂၀၁၉ က ဖွဲ့ထားတဲ့ မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစုဆိုတာ Myanmar Labor Alliance ဆိုတာ ရှိပါတယ်။ ကျွန်တော်တို့ Myanmar Labor Alliance က ဒီအမျိုးသားညီညွတ်ရေးကောင်စီမှာ အဖွဲ့ဝင်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့သည် ကျွန်တော်တို့ရဲ့ ဒီကွန်ရက် အပြည်ပြည်ဆိုင်ရာ ကွန်ရက်ကနေ စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ဖိအားပေးဖို့ ကြိုးစားပါတယ်။

ဒီနေရာမှာ ဘာရှိလဲဆိုတော့ ကျွန်တော်တို့က စီးပွားရေး ပိတ်ဆို့မှုပေါ့။ အပြည်ပြည်ဆိုင်ရာမှာ ရှိတဲ့ အလုပ်သမားတွေကို ဟေ့ ငါတို့ မြန်မာနိုင်ငံမှာတော့ ဒီလိုပဲ အလုပ်တွေ ခံရတယ်။ နောက်တစ်ခါ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က လုပ်တဲ့ မတရား စစ်မှုထမ်းတဲ့ ဥပဒေ ။ ဒါကလည်း အဓမ္မလုပ် အားပေး မြောက်ပါတယ်လို့ ILO က ပြောထားပါတယ်။ ILO က အဓမ္မစစ်မှုထမ်းခိုင်းခြင်းသည် အဓမ္မလုပ်အားပေးမြောက်ပါတယ်လို့ ပြောထားပါတယ်။ ဒါကြောင့်မို့ ငါတို့ လူငယ်တွေ အလုပ်လုပ်တဲ့ အရွယ်တွေ ထွက်ပြေးနေရပါတယ်။ ထွက်မပြေးရင် ဘာဖြစ်မလဲ။ ထွက်မပြေးရင် တပ်ထဲဝင်ခိုင်း သေမှာပေါ့။ သွားပြီးတော့ စစ်တိုက်ခိုင်းရင် လူငယ်တွေ သေကြမှာပေါ့။

အဲဒီလိုမျိုး ရှောင်လာတဲ့အချိန်မှာ ငါတို့လူတွေကို မဖမ်းပါနဲ့ဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ ပြောပြတယ်။ ပြောပြတာ ဘယ်လိုပြောပြလဲဆိုတော့ စစ်အုပ်စု မတရားလုပ်တာကို ထုတ်ဖော်ပြီး ကျွန်တော်တို့ ပြောပြပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ဇွန်လပိုင်းကနေ စက်တင်ဘာအထိ ကောက်ခံရရှိထားတာကို ကမ္ဘာ့အလုပ်သမားရေးရာကို တင်ပြပါတယ်။ ဒီအပြင်ကို ထိုင်းမြန်မာ နယ်စပ်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့နောက်ပိုင်းကနေ စက်တင်ဘာ လကုန်အထိ ကောက်ခံတဲ့ စာရင်းက အားလုံးပေါင်း လူ ၇၇၀၀၀ ကျော်ပါတယ်။ အဲဒီ စာရင်းတွေလည်း ကျွန်တော်တို့ တင်ပြပါတယ်။

အိမ်နီးချင်းနိုင်ငံကိုလည်း ကျွန်တော်တို့ ပြောပြပါတယ်။ ငါတို့ လူတွေက အထောက်အထား မရှိဖြစ်ရတာက အထောက်အထားလုပ်ဖို့ အချိန်မရှိဘူး ထွက်ပြေးရတာ ။ အိမ်တွေမှာ လိုက်ဖမ်းတယ် မဖမ်းနိုင်ရင် တပ်ထဲဝင် ။ မဝင်နိုင်ရင် ပိုက်ဆံပေး။ အဲဒီလို အနေအထားဖြစ်တဲ့အတွက်ကြောင့် ငါတို့ကို ရန်မလုပ်ပါနဲလို့ ကျွန်တော်တို့ အကူအညီတောင်းတာ ရှိတယ်။ နောက်ပြီးတော့ စစ်အုပ်စုဟာ ဒီအလုပ်လုပ်တဲ့ အင်အားစုကို မောင်းထုတ်နေတာပါ။ ကျွန်တော်တို့ နိုင်ငံမှာ ဘယ်လိုမှ စီးပွားရေး ပြန်လည်ပြီးတော့ ဦးထောင်လာဖို့ဆိုတာ မလွယ်ဘူး။ ငါတို့က ဘယ်လောက်ပဲ နိုင်ငံရေးတည်ငြိမ်ငြိမ် စက်မှုကုန်ထုတ်ကတော့ ခက်ခဲနေမှာပဲဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော်တို့က လိုက်လံတင်ပြတယ်။ ပြီးတော့ စစ်အုပ်စုကို ဒီလိုနေလို့ မရအောင် ဖိအားပေးဖို့ဆိုတာ ကျွန်တော်က တိုက်တွန်းပါတယ် ခင်ဗျာ။

မေး ။ ။ ၂၀၂၅ မှာ Article 33 က အတည်ပြုသွားပြီဆိုရင် စစ်ကောင်စီ ဘယ်လောက် အထိနာသွားနိုင်လဲ။ အဓိက ဘယ်အချက်က သူတို့ကို အထိအနာစေဆုံး ဖြစ်မလဲ။

ဦးမောင်မောင် ။ ။ အဓိကကတော့ ကျွန်တော်တို့ ကြိုးစားခဲ့တာ ၂၀၂၁ ကတည်းက ကြိုးစားတယ်။ ၂၀၂၂ မှာလည်း ပြောပါတယ်။ စစ်အုပ်စုရဲ့ အပြည်ပြည်ဆိုင်ရာမှာ ရှိတဲ့ ဝင်ငွေပေါ့။ စစ်အုပ်စုက နည်းမျိုးစုံနဲ့ အပြည်ပြည်ဆိုင်ရာမှာ ရှိတဲ့ ငွေကို ဘဏ်တွေက မကိုင်တွယ်အောင်ပါ။ ကျွန်တော်တို့က စီးပွားရေး ပိတ်ဆို့တယ်ဆိုတဲ့ နေရာမှာ အမေရိကန်က လုပ်တဲ့ Sanction ဆိုတာ ရှိပါတယ်။ အင်္ဂလန်က လုပ်တဲ့ Sanction ၊ EU က လုပ်တဲ့ Sanction ဆိုတာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီ Sanction တွေက Sanction ဆိုတဲ့ စီးပွားရေး ပိတ်ဆို့မှုကို သတ်မှတ်လိုက်ပြီးတဲ့ နောက်မှာ ကျွန်တော်တို့က enforcement mechanism လို့ခေါ်တဲ့ ဖိအားပေးပြီးတော့ ကျူးလွန်တဲ့ လူတွေကို အရေးယူဖို့ဆိုတာကို လုပ်ဖို့ လိုတယ်။

အခု ILO က ဒီလို ဆုံးဖြတ်လိုက်ပြီဆိုတဲ့အတွက်ကြောင့် ကမ္ဘာမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့ဝင်တစ်ခုက ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်သည် ခုန တစ်နိုင်ငံချင်းက ချထားတဲ့ Sanction တွေကို ဖိအားပေးတဲ့ ကိစ္စ။ အမေရိကက သူ့ဘာသာသူ ဆုံးဖြတ်ချက် ချတယ်။ ဒါပေမဲ့ အဲဒါကို ဆက်ပြီး လုပ်လား မလုပ်လားဆိုတာကို ကျွန်တော်တို့က ကြည့်ဖို့ လိုတယ်။ ဘာလို့ ကြည့်ရမှာလဲဆို ဒီ Sanction ဆိုတဲ့ နေရာမှာ နောက်ဆက်တွဲ Sanction ဆိုတာ ရှိပါတယ်။ Secondary Sanction ဆိုတာ ရှိပါတယ်။

အဲဒါက ဘယ်မှာ သွားလေ့လာရင် ရပါသလဲဆိုရင် ရုရှားဖြစ်တဲ့ ကိစ္စမှာ ရုရှားကို အမေရိကတို့ ၊ UK တို့ ၊ Euro တို့က လုပ်တဲ့ Sanction က တိုက်ရိုက်ကြီးအထိ သက်ရောက်တာ ရှိသလို ရုရှားကို ဘာလို့ တရုတ်ဘဏ်တွေက မကူညီသလဲဆိုတဲ့ မေးခွန်းကို ကြည့်ဖို့ သင့်ပါတယ်။ တရုတ်ဘဏ်တွေက ပြောထားပါတယ်။ သတင်းစာတွေမှာလည်း ရှိပါတယ်။ ငါတို့ ရုရှားကို မကူနိုင်ဘူးတဲ့ ။ ကူလို့ရှိရင် အမေရိကန်က ပိတ်ဆို့မှုမှာရှိတဲ့ Secondary Sanction ဆိုတဲ့ ဒုတိယ သက်ရောက်မှုမှာ ရှိတဲ့ စီးပွားရေး ပိတ်ဆို့မှုက လာထိရင် ငါတို့က တစ်ကမ္ဘာလုံးနဲ့အလုပ်လုပ်တာ ပျက်သွားလိမ့်မယ်တဲ့။

ဒါကြောင့်မို့လို့ မလုပ်ဘူးဆိုတဲ့ဟာကို ပြောထားပါတယ်။ ဒါကြောင့်မို့လို့ ILO ကနေ ဆုံးဖြတ်ချက်ကျတယ်။ စီးပွားရေး ပိတ်ဆို့မှုဆိုတဲ့ အထဲမှာ အထူးသဖြင့် အထူးပြုပြီးတော့ စစ်အုပ်စုရဲ့ ငွေကြေးရဲ့ လည်ပတ်မှုကို ကျွန်တော်တို့က ရပ်တန့်ဖို့ ထပ်ပြီးတော့ ဖိအားပေးနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီတော့ စစ်အုပ်စုက ဒီငွေကြေးမရှိဘူးဆိုရင် ဘာဖြစ်မလဲ။ သူတို့ လောင်စာ ဝယ်တာ မရတော့ဘူး။ လောင်စာဆိုတာ ဂျက်လေယာဉ်ပျံဆီ တစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော် ရှင်းပြပါမယ်။ လေယာဉ်ပျံဆီက ဆိပ်ကမ်းကနေ လေယာဉ်ပျံထဲကို လမ်းလျှောက်ပြီး မသွားဘူးဗျ။ လေယာဉ်ပျံဆီကို ဒီဇယ်တင်တဲ့ ကားနဲ့ ပို့ရတယ်။ သူ့ကို ဆီကား ဘောက်ဆာနဲ့ ပို့ရတာ ။

အဲဒီ ဘောက်ဆာက သွားတာ ဘာနဲ့သွားလဲဆို ဒီဇယ်နဲ့ သွားတာပါ။ အဲဒီတော့ ဒီဇယ်ကိုပါ ဝယ်လို့ မရအောင် ပိတ်မှ ရပါမယ်လို့ ။ အဲဒီတော့ ပြောစရာရှိပါတယ်။ ဒီဇယ်ကို ပိတ်လို့ ရှိရင် ပြည်သူ ဒုက္ခရောက်မယ်လို့ ။ ကျွန်တော် တစ်ခါ ထပ်ပြောပါမယ်။ ဒီဇယ်ရောင်းတဲ့ ဆိုင်တွေကို ကြည့်ပါလို့ အားလုံးက ခရိုနီတွေပါ။ ရောင်းတဲ့ဆိုင်တွေ မြဝတီဆိုတာ ဘာလဲ စစ်တပ်ပိုင်တဲ့ ဆိုင်ပါ။ ထူးတို့ ဒီဇယ်ဆိုင်တွေ အားလုံးဟာ ကျွန်တော်တို့ ကကကြည်း ပေါ့ဗျာ။ တပ်မတော် ထောက်ပို့က သုံးတဲ့ လောင်စာ၊ ရေတပ်က သုံးတဲ့ လောင်စာ။ အဲဒါတွေ အားလုံးက ဒီဇယ်တွေပါ။ လေယာဉ်ပျံဆီကို ပိတ်ဖို့က တစ်ခုချင်းလိုက်ပို့ဖို့က မပြီးနိုင်ဘူး။

ကုမ္ပဏီတစ်ခုချင်းလိုက်ပို့နိုင်ဖို့က မပြီးနိုင်ဘူး။ ကျွန်တော်တို့သည် အဓိကကျတဲ့ စစ်အုပ်စုရဲ့ ငွေကြေးကို ဖြတ်လိုက်ဖို့ရယ် ILO အဖွဲ့က ချမှတ်တဲ့ Article 33 ကို အသုံးပြုပြီး ပိတ်မယ်ဆိုရင် တစ်နေရာတည်းမှာ တစ်ချက်တည်းနဲ့ နိုင်ငံအလိုက် Sanction ချထားတာကို အားဖြည့်ပေးမယ့် လုပ်ငန်းပေါ်လာပါမယ်။ နောက်တော့ ပိတ်ဖို့ ဆိုတဲ့နေရာမှာ စစ်အုပ်စုရဲ့ နိုင်ငံတကာမှာ ရှိတဲ့ International Financial Transaction ကို လုံးဝပိတ်ဖို့ လိုပါတယ်။ ပိတ်လို့ရပါတယ်။ ဘာကြောင့်အရေးကြီးတာလဲဆိုတော့ လေယာဉ်ပျံဆီ တစ်ခုတည်း ပိတ်လို့ မရဘူး။ လေယာဉ်ပျံဆီသယ်တဲ့ ဒီဇယ်ကိုပါ ပိတ်မှ ရပါမယ်။ အများက ပြန်ပြောမှာပါ။ ခင်ဗျား ဒီဇယ်ပိတ်ရင် လူတွေ ဒုက္ခရောက်မယ်လို့။ အခုရော လူတွေ ဒုက္ခမရောက်လို့လားလို့ ကျွန်တော်က ပြန်မေးချင်ပါတယ်။ ကျွန်တော်တို့က ဆီရောင်းတဲ့ ဆိုင်တွေကို ပြန်ကြည့်ပါ။ Denko ကိုပဲ ကြည့်ကြည့် ထူးကိုပဲကြည့်ကြည့် စစ်တပ်နဲ့ သက်ဆိုင်တဲ့ လူတွေပဲ ဖြစ်ပါတယ်။ ခင်ဗျားတို့ တစ်ဂါလန်ထည့်ရင် သူတို့က တစ်ဂါလန် အမြတ်ရပါတယ်။ ပိုဆိုးတာက ကျွန်တော်တို့ဆီကို ဒီဇယ်သင်္ဘောတစ်စီးဝင်တယ်ဆိုရင် တစ်ဝက်ကျော်က ကက ထောက်ပို့က ယူသွားပါတယ်။ ကျန်တာကိုလည်း ကက ရေက ယူသွားပါတယ်။ အဲဒီတော့ ဒီဇယ် သင်္ဘောတစ်စင်း ဝင်လာရင် ကျွန်တော်တို့က ကက ထောက်ပို့က ဘယ်လောက် ယူသွားလဲ ကျွန်တော်တို့ ဘယ်သူမှ မသိပါဘူး။

ကျွန်တော်တို့က ကိုယ့်ကားကိုယ်ထည့်ဖို့ပဲ စဉ်းစားနေတယ်။ နောက်ထပ်တစ်ခါ ခင်ဗျား ထည့်တဲ့ ကားကနေပြီးတော့ ခရိုနီက ပိုက်ဆံ ဘယ်လောက်ရလဲ ခင်ဗျား စဉ်းစားဖို့လိုတယ်။ စီးပွားရေး ပိတ်ဆို့တယ် ပြောပေမယ့် ဒါကို ဘယ်သူမှ စောင့်မကြည့်ကြဘူး။ ကျွန်တော်တို့က မော်နီတာ လုပ်ဖို့ လိုတယ်။ ကျွန်တော်ကတော့ မော်နီတာ လုပ်တယ်။ ဒါကြောင့်မို့လို့ တင်ပြနေတယ်။ အခုလည်း Article 33 ပေါ်လာလို့ရှိရင် ဒါက ၂၀၂၅ မှာ ကျမယ်။ ဒါ အာမခံနိုင်တယ်။ ကျတဲ့ အခါ ဘာကို ပိတ်ဆို့မှုလုပ်မလဲဆိုတာ ကျွန်တော် တင်ပြတာ အဲဒါကိုပဲ။

International Financial Transaction အပြည်ပြည်ဆိုင်ရာမှာ လည်ပတ်နေတဲ့ စစ်အုပ်စုရဲ့ ငွေရေးကြေးရေး စီးဆင်းမှုကို ပိတ်မှာပါလို့ အဲဒါကို အဓိက ထားလုပ်ပါမယ်လို့။ ဘာကြောင့်လဲဆိုတော့ လောင်စာ လုံးဝမသွားအောင် ပြောချင်ရင် လောင်စာ လောင်စာပဲ ပိတ်လို့ မရပါဘူး။ လောင်စာကို ဂျက်လေယာဉ်ပျံလောင်စာကိုပါ သယ်တဲ့ ဒီဇယ်ကိုပါ ကျွန်တော်တို့ ပိတ်ရမယ်။ ဂျက်လေယာဉ်ပျံဆီက ဒီတိုင်းမသွားဘူးဗျ။ ဒီဇယ်နဲ့ ပို့တာ။ ဗုံးတွေက ဒီတိုင်း မသွားဘူးဗျ။ ဒီဇယ်မောင်းတဲ့ကားနဲ့ ပို့တာ။ ကျည်တာတွေက ဒီဇယ်မောင်းတဲ့ ကားနဲ့ ပို့တာ ။ အဲဒီလို ပြောရင် SME တွေ ထိခိုက်မယ်လို့ ပြောမယ်။ ဟုတ်တယ် ထိခိုက်မယ်။ ကျွန်တော်လက်ခံတယ်။ ကျွန်တော်တို့ တာဝန်ရှိတယ်။

ဒါပေမဲ့ တစ်နိုင်ံငံလုံးကို ပြင်ဖို့ဆိုရင် Zero factor ချမှ ရမယ်။ စစ်တပ်က လမ်းလျှောက်သွားလို့ မရဘူးဗျာ။ အခု လမ်းလျှောက်သွားတော့ ရခိုင် ဖြစ်ဖြစ်၊ ချင်းဖြစ်ဖြစ် လမ်းလျှောက်သွားရင် သေတာပဲ။ ကားနဲ့ သွားလို့ ဖြစ်တာ။ ကားကို သွားလို့ မရအောင် ရပ်ပစ်ရမယ်။ သင်္ဘောသွားလို့ မရအောင် ရပ်ပစ်ရမယ်။ လေယာဉ်ပျံလောင်စာ တစ်ခုတည်းနဲ့ မပြီးပါဘူး။ ဒါကြောင့် international financial transaction ကို အပြည်ပြည်ဆိုင်ရာမှာ လည်ပတ်နေတဲ့ စစ်အုပ်စုရဲ့ ငွေရေးကြေးရေး အားလုံးကိုပိတ်လိုက်ဖို့ကို Article 33 ကို သုံးပါမယ်လို့‌ ပြောချင်တာပါ ခင်ဗျာ။

မေး။ ။ ဖြည့်စွက်ပြောချင်တာမျိုး ရှိပါသေးလဲ။

ဦးမောင်မောင် ။ ။ ခုန တင်ပြသလိုပဲ Article 33 ကို သုံးပြီးတော့ ကျွန်တော်တို့ ဖိအားပေးတဲ့ ပိတ်ဆို့မှုကို သက္ကရာဇ် ၂၀၀၀ တုန်ကလည်း အားလုံး စာပြန်လှန်ကြည့်ရင် တွေ့မှာပါ။ ဒါတွေက မှတ်တမ်းအနေနဲ့ကို ရှိပါတယ်။ အလုပ်သမားသမဂ္ဂအနေနဲ့ Institution Memory အဖွဲ့အစည်းဆိုင်ရာမှတ်တမ်းတွေရှိပါတယ်။ ကမ္ဘာ့အလုပ်သမားရေးရာမှာလည်းမှတ်တမ်းတွေ ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ်မှာလည်း ရှိပါတယ်။

ကျွန်တော်တို့က အဲဒီတုန်းက လုပ်ထားခဲ့တဲ့အတိုင်း လုပ်တာပါ။ စနစ်ရှိပါတယ်။ ရမ်းပြီးတော့ လုပ်တာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ စစ်အုပ်စုက တအားကို ကာနေတာ ။ သူတို့ အသံတော့ မထွက်ရဲပါဘူး။ အသံမထွက်ဘဲ ကာနေတာ။ ကျွန်တော်တို့ ဒါကို ဆက်ပြီးတော့ လုပ်ပါမယ်။ ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုတွေ အားလုံး PDF တွေ အားလုံး ၊ GZ တွေ အားလုံး လုပ်ထားတဲ့ အလုပ်မှာ ကျွန်တော်တို့ အလုပ်သမားတွေက ကျွန်တော်တို့ လုပ်ပေးနိုင်တဲ့ ကိစ္စကို လုပ်မှာပါ ။ အပြင်းအထန်လုပ်မှာပါ။ စိတ်ချပါ။ ထို့အတူ CDM တွေက ကျွန်တော်တို့ အလုပ်သမားတွေ ဖြစ်ပါတယ်။ CDM ဆိုတာက တိုက်ပွဲဝင်တဲ့ အလံဖြစ်ပါတယ်။ လူတွေ အားလုံးသည် အလုပ်သမားတွေ ဖြစ်ပါတယ်။ အဲဒီလူတွေ အားလုံးအတွက်ကို ကျွန်တော်တို့ ထိုက်တန်တဲ့ လျော်ကြေးရအောင် ကြိုးပမ်းနေတယ်ဆိုတာ တင်ပြချင်ပါတယ်။ ဟုတ်ကဲ့ပါ။ ကျေးဇူးပါ။

မေး။ ။ Article 33 က ၂၀၂၅ မှာ ဘယ်အချိန်လောက်မှာ စအသက်ဝင်မလဲ။

ဦးမောင်မောင် ။ ။ ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့ လုပ်ငန်းစဉ်က ဘယ်လိုလဲဆိုတော့ အခု နိုဝင်ဘာမှာ ပြီးသွားတာက ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့ အုပ်ချုပ်မှု ကော်မတီ Governing body meeting ပေါ့။ မတ်လ ၂၀၂၅ မှာလည်း နောက်ထပ် Governing Body Meeting အုပ်ချုပ်မှု ကော်မတီ အစည်းအဝေးရှိပါတယ်။ ဒီအစည်းအဝေးမှာ Article 33 နဲ့ ပတ်သက်တဲ့ စာကြမ်းကို ရေးပြီးတော့ မတ်လမှာ တင်ဖို့ကို ညွှန်ကြားချက်ပေးလိုက်ပါပြီ. ညွန်ချုပ်ကို။ အဲဒီတော့ မတ်လမှာ တင်ရပါမယ်။

တင်ပြီးတဲ့ နောက်မှာ ဇွန်လမှာ လုပ်မယ့် ၂၀၂၅ ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့ ညီလာခံ Conference မှာ ဆုံးဖြတ်ချက်ချမှာ။ ဒီညီလာခံသက်တမ်းက ၂၀၂၄ ဇွန် ၂၀၂၅ ဇွန် အဲဒီ ကြားထဲမှာ လုပ်တဲ့အလုပ်ပါ။ သို့သော် ဒါကို တင်သွင်းတာကတော့ ၂၀၂၁ ခုနှစ် ဇွန်မှာကတည်းက တင်သွင်းတာပါ။ ကျွန် တော် ပြောသလိုပေါ့ process လုပ်ငန်းစဉ် ရှိပါတယ်။ ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့ လုပ်ငန်းစဉ်ထဲမှာ ဒီအလုပ်သမားသမဂ္ဂအနေနဲ့ ပါဝင်တယ်။ သုံးပွင့်ဆိုင်ဖြစ်တဲ့အတွက်ကြောင့် ပါဝင်တယ်။ ပါဝင်တဲ့ နေရာကနေ တဖြည်းဖြည်းနဲ့ လိုက်လာတယ်။ ၂၀၂၁ ၊ ၂၂၊ ၂၃၊ ၂၄ ၊ ၂၅ ဆိုရင်တော့ ရလဒ်ရပါပြီလို့ အဲဒါကိုတော့ ပြောနိုင်ပါပြီ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article