NUG အစိုးရထံ ၂ လတာအတွင်း ဗိုလ်ကြီး ၄ ဦးနှင့် ရဲအုပ် ၂ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၄၉ ဦး အလင်းဝင်
အမျိုးသား ညီညွတ်ရေးအစိုးရထံ စက်တင်ဘာလနှင့် အောက်တိုဘာလ အတွင်း အရာရှိ အဆင့် ဗိုလ်ကြီး ၄ ဦးနှင့် ရဲအုပ် ၂ ဦး အပါအဝင် စစ်ကောင်စီ ၄၉ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီ တပ်သား ၄၉ ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများလည်း ရှိပြီး လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း လက်နက်မျိုးစုံ ၁၇ လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း အမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်း အသိပေးထုတ်ပြန်အပ်ပါကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။